<

ပခုက္ကူကြက်သွန်နီ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးပြီး နယ်ဝယ်လက် စုံလာခြင်းကြောင့် ကြက်သွန်နီ တစ်ပိဿာ ကျပ် ၃၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်လာရာ တစ်ပိဿာ ၈၂၅ ကျပ်အထိရောက်ရှိ

ပခုက္ကူကြက်သွန်ဒိုင်အတွင်း ရောင်းဝယ်မှုပြုလုပ်ရန် ကြက်သွန်များ ခင်းကျင်းထားစဉ်

ပခုက္ကူကြက်သွန်နီ ဈေးကွက်အတွင်း ယခုစက်တင်ဘာမှစ၍ ကုန်ဝင်ရောက်မှု နည်းပါးလာပြီး နယ်ဝယ်လက် စုံလာခြင်းကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာ ၃၀၀ ကျပ်ခန့်အထိ ဈေးနှုန်းမြင့်တက်လာရာ တစ်ပိဿာ ၈၂၅ ကျပ်အထိ ရောက်ရှိလာကြောင်း ကုန်သည်နှင့် တောင်သူများထံမှ သိရသည်။

ပခုက္ကူ ကြက်သွန်နီဈေးကွက်မှာ ပြီးခဲ့သည့် ဇွန်မှ သြဂုတ်လကုန်ပိုင်းအထိ ကုန်ဝင်ရောက်မှု များပြားခြင်းနှင့် နယ်စုံဝယ်လက် နည်းပါးခြင်းတို့ကြောင့် ကြက်သွန်နီ တစ်ပိဿာ ၅၅၀ ကျပ် အမြင့်ဆုံးဈေးဖြင့်သာ ရောင်းချခဲ့ရကြောင်း သိရသည်။

ကြက်သွန်နီဈေး ကျဆင်းခြင်းကြောင့် တောင်သူများမှာ ထုတ်လုပ်မှုစရိတ် ရှုံးနိမ့်သည့်အတွက် လာရောက် ရောင်းချသည့် အရေအတွက် နည်းပါးခဲ့ပြီး ဈေးတက်ချိန် စောင့်ဆိုင်း၍ ကုန်လှောင်မှုများ ပြုလုပ်ခဲ့ရကြောင်း တောင်သူများက ပြောကြားသည်။

“ဒီရက်ပိုင်းမှာ ဈေးနှုန်းက သိသိသာသာ တက်သွားတယ်။ တစ်ပိဿာကို ၂၅၀ ကျပ်နဲ့ ၃၀၀ ကျပ်ကြားလောက် တက်သွားတယ်။ အဓိက ကတော့ ၀ယ်လက် နည်းနည်းစုံလာတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း  ဈေးမြင့်ပေးတဲ့အတွက် ဈေးတက်လာတာလည်း ပါတယ်။ မူဆယ်ဘက်လည်း အ၀ယ်ရှိတယ်။ ကုန်ဝင်က အရင်နှစ် ဒီလိုကာလတူနဲ့ယှဉ်ရင် ကုန်ဝင်နည်းပါတယ်။ ၀ယ်လက်များတော့ ၀င်သမျှကုန် အရောင်းအ၀ယ် ပြတ်တယ်။ လက်ရှိဈေးကတော့ တောင်သူရော ကုန်သည်ရောအတွက် လုပ်ကိုင်ရရုံပဲရှိသေးတယ်။ အမြတ်ရဖို့ မမျှော်နိုင်သေးဘူး” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုကျော်သန်းက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ  ၁ ရက်အထိ တစ်ပိဿာ အမြင့်ဆုံး ၅၃၅ ကျပ်သာ ပေါက်ဈေးရှိသည့် ပခုက္ကူ ကြက်သွန်ဈေးကွက်မှာ ၈ ရက် ဈေးကွက်တွင် ဂျွန်ကြီးတစ်ပိဿာ ၈၀၀ – ၈၂၅ ကျပ်၊ ဂျွန်လတ်တစ်ပိဿာ ၇၅၀ – ၇၇၅ ကျပ်နှင့် ဂျွန်သေးတစ်ပိဿာ ကျပ် ၆၅၀ – ၇၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်း ယောချောင်းကျောချောင်းတွင် ကြက်သွန်စိုက်ပျိုးသည့် တောင်သူများ ကြက်သွန်ဖော်ယူမှု ပြုလုပ်နေပြီး ကြက်သွန်ဥပုပ်ခြင်းနှင့် အထွက်နှုန်း လျော့ကျဆင်းများကြောင့် ထုတ်လုပ်မှုစရိတ် မြင့်တက်ခဲ့ကြောင်း သိရသည်။

“ဒီနှစ် ကြက်သွန်စစိုက်ပြီးချိန် ဇန်န၀ါရီမှာ မိုးရွာလို့ တောင်ကျချောင်းရေကျပြီး စိုက်ခင်းတွေ ပျက်တယ်။ စိုက်ပျိုးစရိတ်တွေအားလုံး ဆုံးတယ်။ နောက်ထပ် အသစ်ပြန်စိုက်ရတယ်။ အဲဒါကလည်း မြေစိုနေတော့ အထွက် မကောင်းဘူး။ ဥပုပ်တာတွေ ကြုံရတယ်။ ၁၀ တောင်ပတ်လည် တစ်ကျင်းကို ပုံမှန် ၂၅ ပိဿာလောက် ထွက်တာမှာ ဒီနှစ် ၁၀ တောင် ပတ်လည်တစ်ကျင်းကို ၁၅ ပိဿာလောက်ပဲရတယ်။ တချို့လည်း ပိဿာ ၂၀ လောက်ရကြတယ်။ နှစ်ကြိမ်ပြန်စိုက်ရတော့ စိုက်စရိတ်တက်တယ်။ ဈေးကလည်း မကောင်းတော့ မရောင်းမဖြစ်တာလောက်ပဲ ရောင်းကြတယ်။ ဒီထက်ဈေးတက်မှပဲ တောာင်သူက အဆင်ပြေမယ်” ဟု ပေါက်မြို့နယ် ၀က်မှီးကျေးရွာမှ တောင်သူကိုစိုးဝင်းသန်းက ပြောကြားသည်။

ပခုက္ကူကြက်သွန်နီ ဈေးကွက်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ မင်းတိုင်ပင်နယ်မှ ကြက်သွန်များနှင့် ပေါက်မြို့နယ်၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်များမှ ထွက်ရှိသည့် ကြက်သွန်များ ၀င်ရောက်ပြီး မြန်မာနိုင်ငံအနှံ့ မြို့များနှင့် နယ်စပ်ဒေသများအထိ တင်ပို့ရောင်းချကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြက်သွန်ရောင်းဝယ်ရေး ရာသီတွင် ကြက်သွန်ဈေး တစ်ပိဿာ ကျပ် ၃၀၀၀ အထိ ဈေးနှုန်းမြင့်တက် ခဲ့ခြင်းကြောင့် တောင်သူများ အကျိုးအမြတ်ရှိခဲ့ပြီး ပခုက္ကူဈေးကွက်သို့ ပိဿာချိန် သိန်း ၁၀၀ ခန့် ၀င်ရောက်လာခဲ့သည်။

 

September 8, 2018














Copy Protected by Chetan's WP-Copyprotect.