လမြတ် ဝါဆို

လမြတ် ဝါဆို
Published 8 July 2017

ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တို့၌ကောင်းမှုပြုရန် အခြားနေ့များထက်ပို၍ စိတ်အားထက်သန်ကြပါသည်။ အစိန္တေယျမြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များနှင့် စပ်နွှယ်နေသောကြောင့်ဖြစ်၏။

ဝါဆိုလပြည့်သည် ဗုဒ္ဓဖြစ်တော်စဉ်အများဆုံးနှင့် ဆက်နွှယ်နေ၍ လမြတ်ဝါဆိုဟူ၍လည်းကောင်း၊ ဓမ္မစကြာတရား ဟောကြားတော်မူသဖြင့် ဓမ္မစကြာအခါတော်နေ့ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။
ဝါဆိုလပြည့်နှင့် မြတ်ဗုဒ္ဓဖြစ်တော်စဉ်များ- ရှေးဆရာတော်များက “သန္ဓေတောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ၊ ဝါဆိုလပြည့်၊ ထူးခြားနေ့၊ အောက်မေ့ဤလေးဖြာ” ဟုလင်္ကာဖြင့် ထူးခြားလေးမျိုးကို ဖော်ပြခဲ့ကြသော်လည်း ဒေသနာတော်၌ ကိုးမျိုးပြဆို၏။

၁။ ဘုရားအလောင်း သေတကေတုနတ်သားသည် တုသိတာနတ်ပြည်မှ နတ်သက်ခြွေ၍ မဟာသက္ကရာဇ် (၆၇) နှစ်၊ ဝါဆိုလပြည့်၊ ကြာသာပတေးနေ့၊ မိုးသောက်ယံ ဥတ္တရာသဠ်နက္ခတ်နှင့် စန်းယှဉ်လျက် မယ်တော်မာယာဝမ်းကြာတိုက်၌ ပဋိသန္ဓေယူတော်မူပါသည်။

လင်္ကာ။ ။ သုံးလူရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတုနဂိုရွှန်းရွှန်းစိုသည့် ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ကိန်းပါကို။

၂။ ဘုရားအလောင်း သိဒ္ဓတ္တမင်းသားသည် သက်တော် (၂၉) နှစ်အရွယ်၌ လူအို လူနာ လူသေ ရဟန်း-ဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့ပြီး သံဝေဂဉာဏ်ဖြစ်ကာ မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် ဖွားဖက်တော် ဆန္နအမတ်ကို “ဟဲ့ဆန္နထလော့၊ ကဏ္ဍကမြင်းကို ကကြိုးတန်ဆာဆင်၊ သံသရာရေလျဉ်မှာ မျောနေမြုပ်နေကြတဲ့ သတ္တဝါတွေကို ကူညီကယ်တင်ဖို့ တောရပ်မြိုင်ခြေကို ထွက်ခွာကြစို့ရဲ့” ဟုဆန္နအမတ်ကို မြင်းမြီးစွဲစေ၍ ကဏ္ဍကမြင်းကိုစီးလျက် ရွှေနန်းစည်းစိမ်ကိုစွန့်၍ တောထွက်တော်မူပါသည်။

လင်္ကာ။ ။ ဖွားမြင်မြောက်သော၊ ဆယ့်ခြောက်နှစ်ရွယ် ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြိုသံဝေပိုက်၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။

Most Read

Most Recent