ရန်ကုန်မိုးပျံအမြန်လမ်းမကြီး PPP စီမံကိန်း (၁) အတွက် ဆန်ခါတင်အရည်အသွေးပြည့်မီသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး PPP စီမံကိန်း (၁) အတွက် ဆန်ခါတင်အရည်အသွေးပြည့်မီသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်
Published 8 September 2018

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး PPP စီမံကိန်း(၁)အတွက် ဆန်ခါတင် အရည်အသွေး ပြည့်မီသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက် နေ့စွဲဖြင့် ဖိတ်ခေါ်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးပြီး Public Private Parthership (PPP) Concession Agreement အရ ၂၇ ကီလိုမီတာခန့်အရှည်ရှိ မိုးပျံအမြန်လမ်းမကြီး ပထမအပိုင်း၏ ဒီဇိုင်းကဏ္ဍ၊ Engineering ပိုင်း ဆိုင်ရာကဏ္ဍ၊ ငွေကြေးပိုင်းဆိုင်ရာဘဏ္ဍာရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုကဏ္ဍ အစရှိသည်တို့ ဆောင်ရွက်ရန် စိတ်ဝင်စားသူများကို ဆန်ခါတင် အရည်အသွေးပြည့်မီမှုအတွက် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန်မျှော်မှန်းထား ကြောင်း၊ အဆိုပါ ရည်ရွယ်ချက်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် Request For Qualifications (RFQ) နှင့် စီမံကိန်း နှင့် ပတ်သက်သော နောက်ခံသတင်းအချက်အလက်များပါဝင်သော Preliminary Information Memorandum (PIM) တို့ကို ပြင်ဆင်ထားကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့် Request For Qualifications(RFQ) နှင့် Preliminary Information Memorandum (PIM) တို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၁၅၀၀ အား Non-refundable fee အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ ပေးသွင်းပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

စိတ်ဝင်စားသူများသည် RFQ Fee  ပေးသွင်းပြီးပါက RFQ နှင့် PIM စာရွက်စာတမ်းများကို ရန်ကုန်မိုးပျံအမြန်လမ်းမကြီးစီမံကိန်း  အဖွဲ့ထံပေးအပ်ထားသည့် အီးမေးလ်လိပ်စာသို့ YIFC မှ ပေးပို့ပေးမည်ဖြစ်သည်။ ကြိုတင် အရည်အချင်းစစ် လျှောက်လွှာများကို အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပေးသွင်းနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြည်တွင်း သို့မဟုတ် ပြည်ပမှ စိတ်ဝင်စားမှုရှိသော လုပ်ငန်းရှင်များအနေဖြင့် RFQ တွင် ပါဝင်သော စံချိန်စံညွှန်းများအတိုင်း ပါဝင်နိုင်ကြောင်း၊ ပူးပေါင်းဖွဲ့စည်းထားသော  လုပ်ငန်းရှင်များအနေဖြင့် RFQ တွင် ညွှန်ပြထားသည့်အတိုင်း ဖွဲ့စည်းနိုင်ကြောင်း သိရသည်။

အရည်အချင်းပြည့်မီသော တင်ဒါအောင်မြင်သူများကိုသာ နောက်တစ်ဆင့်ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာကို တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် RFQ တွင် ပါဝင်သော အချက်အလက်များကို မည်သည့်အချိန်တွင်မဆို သို့မဟုတ် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ပြင်ဆင် မွမ်းမံနိုင်မည်ဖြစ်ပြီး မည်သည့် သို့မဟုတ် အားလုံးသော ကြိုတင်အရည်အချင်းစစ် လျှောက်လွှာများကို ငြင်းပယ်ပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။