မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းဆက်လက်တင်ပို့နေရပြီး သြဂုတ်လအတွင်း ငါးမြစ်ချင်းအပါအဝင် ပို့ကုန်စုစုပေါင်း ဒေါ်လာရှစ်သိန်းရှစ်သောင်းကျော်ဖိုး တင်ပို့ခဲ့

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းဆက်လက်တင်ပို့နေရပြီး သြဂုတ်လအတွင်း ငါးမြစ်ချင်းအပါအဝင် ပို့ကုန်စုစုပေါင်း ဒေါ်လာရှစ်သိန်းရှစ်သောင်းကျော်ဖိုး တင်ပို့ခဲ့
Published 8 September 2018

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်းများ တင်ပို့နေစဉ်

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းကိုဆက်လက်တင်ပို့နေရပြီး  သြဂုတ်လအတွင်း ငါးမြစ်ချင်း အပါအဝင် ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ရှစ်သိန်းရှစ်သောင်းကျော်ဖိုး တင်ပို့ခဲ့ရကြောင်း၊ သြဂုတ်လအတွင်း ငါးမြစ်ချင်း ကီလို သုံးသိန်းကိုးသောင်းကျော် တင်ပို့ခဲ့ရကြောင်းလည်း မောင်တောနယ်စပ်ကုန်သည်များအသင်းမှ သိရသည်။

“ချင်း (ဂျင်း) ကီလို ကိုးသိန်းကျော် ပို့ခဲ့တယ်။ ချင်းသီးက ကီလိုတစ်သိန်းကျော်၊ ဆန်က ကီလို ၂၀၀၀ သွားတယ်။ ငါးမြစ်ချင်းက သုံးသိန်းကိုးသောင်းကိုးထောင်ကျော် တင်ပို့ခဲ့ရတယ်။နောက် နနွင်း၊ ငါးခြောက်၊ ဆီးသီးခြောက် အဲဒီလို ကုန်တွေကိုလည်းနည်းနည်းစီ ပို့ခဲ့ရတယ်” ဟု မောင်တောနယ်စပ် ကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်စံသိန်းက ဆိုသည်။

ငါးမြစ်ချင်းကို ရန်ကုန်မှ အအေးခန်းကားများဖြင့် မောင်တောနယ်စပ်သို့ တိုက်ရိုက်ပို့ဆောင်တင်ပို့ခြင်းဖြစ်ပြီး ဇွန်လအတွင်းက ငါးမြစ်ချင်းကီလို ကိုးသောင်းကျော်၊ ဇူလိုင်လထဲတွင်  ငါးမြစ်ချင်း ကီလို နှစ်သိန်းနှစ် သောင်းကျော်ကို တင်ပို့ခဲ့ရကြောင်းနှင့် သြဂုတ်လတွင် ပိုမိုတင်ပို့လာရခြင်းဖြစ်သည်။

“သြဂုတ်လအတွင်းကတော့ ပို့ကုန်စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာရှစ်သိန်းရှစ်သောင်းကျော် ဆောင်ရွက်နိုင်ခဲ့တယ်။ ဇူလိုင်လကဆိုရင် ရှစ်သိန်း ရှစ်ထောင်ကျော် ပဲရှိခဲ့တော့ ကုန်သွယ်မှုနည်းနည်းတိုးတက်ပါတယ်။ အဓိက ပို့တာက ငါးမြစ်ချင်းနဲ့ ချင်းကို ပို့တယ်။ အခုဆိုရင် တစ်ရက်ကို စက်လှေ နှစ်စင်းကနေ လေးစင်းထိတော့ ပို့နေရတယ်။ အခုက မိုးများတော့ လမ်းနည်းနည်း ပျက်တာရှိလို့ ကုန်သွယ်မှုနည်းပေမယ့်  ပွင့်လင်းရာသီဆိုရင် ပိုပြီးကုန်သွယ်မှု မြင့်လာမယ့် သဘောရှိတယ်” ဟု မောင်တောနယ်စပ် ကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်စံသိန်းက ဆိုသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးဖြင့် ဧပြီနှင့် မေလတွင် ပို့ကုန်စုစုပေါင်း ဒေါ်လာတစ်သန်းကျော်ထိ တင်ပို့ခဲ့သော်လည်း ဇွန်လတွင် ဒေါ်လာ ငါးသိန်းကျော် ၊ ဇူလိုင်လတွင် ရှစ်သိန်းကျော် ပို့ဆောင်နိုင်ခဲ့ပြီး သြဂုတ်လတွင် ဒေါ်လာ ကိုးသိန်းနီးပါးပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent