<

ဟုမ္မလင်းမြို့နယ် ချောင်းကြီးချောင်းအတွင်း တရားမ၀င်ရွှေတူးဖော်မှု ဆက်လက်ပြုလုပ်နေပြီး အနီးရှိကျေးရွာများမှ သဘာဝပတ်ဝန်းကျင်နှင့် လယ်မြေဧက ၅၀၀ ကျော် ပျက်စီးနေ

ချောင်းကြီးချောင်းအတွင်း တရားမ၀င်ရွှေတူးဖော်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နယ်ရှိ ချောင်းကြီးချောင်းအတွင်း တရားမ၀င် ရွှေတူးဖော်မှု ဆက်လက်ပြုလုပ်နေကြပြီး အနီးရှိကျေးရွာများမှ သဘာဝပတ်ဝန်းကျင် နှင့် လယ်မြေဧက ၅၀၀ ကျော်ပျက်စီးနေကြာင်း သိရသည်။

ချောင်းကြီးချောင်းအတွင်း တရားမ၀င် ရွှေတူးဖော်မှုများပြုလုပ်နေကြသည်မှာ နှစ်နှစ်နီးပါးခန့်ကြာမြင့်လာပြီဖြစ်ပြီး ထိုရွှေတူး ဖော်မှုများမှ စွန့်ပစ်မြေစာများနှင့် ရေဆိုးများကြောင့် ပျက်စီးရခြင်းဖြစ်ကြောင်း ကွေ့ပေ ကျေးရွာသားတစ်ဦးက ပြောကြားသည်။

“အခု လက်ရှိကိုတိုက်နေကြတာ။ မျောပေါင်း ထောင်ဂဏန်းလောက်ရှိမယ်။ ချောင်းထဲမှာပဲတူး၊ ချောင်းထဲမှာပဲ မျောမြီး (စွန့်ပစ် မြေစာများ) ပြန်ချဆိုတော့ ချောင်းကပိတ်သွားပြီ။ ချောင်းကြီးချောင်းထဲမှာ ရေစီးရေလာ မရှိတော့ဘူး။ ချောင်းနဲ့မျောမြီးခုံ ဆိုရင်လယ်တွေ ရွာထက်ကိုမြင့်နေပြီ။ ချောင်းက ပိတ်နေတော့ မိုးလင်းတာနဲ့ ရွာထဲကို ရေ၀င်ပြီ။ သူတို့က ညဘက်လည်း ဘက်ဟိုးတွေနဲ့ လမ်းတွေ ပေါ်မှာပါ လုပ်ကြတော့ လမ်းတွေကအစ အမြဲရေကျော်နေတယ်။ အဲဒီရေတွေက မိုးရွာလို့ ရေကြီးလို့ ကျော်တဲ့ရေတွေ မဟုတ်ဘူး။ အဲဒီလမ်းတွေဆိုတာကလည်း ကျေးရွာချင်း ဆက်တဲ့လမ်း ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးပြီး သဲတွေဖို့ ကျောက်တွေဖို့ပြီး ပြုပြင်ထားတဲ့ လမ်း။ အဲဒါကို ဘက်ဟိုးနဲ့ဖယ်ပြီး တူးပစ်တော့ လမ်းက အထဲဘက် ကွေ့ဝင်သွားပြီး လမ်းသားနိမ့်သွားတယ်။ ချောင်းထဲကရေကလည်း စီးစရာနေရာမရှိတော့ လမ်းတွေ လယ်တွေကိုရေကျော်ပြီး အခုဆိုရင် ရွာထဲကိုပါ ရေတွေပေါက်ကျလာတာ။ ရွာမှာက အိမ်ခြေ ၅၀ ရှိတယ်။ အိမ်ခြေ ၅၀ မှာ အကုန် လုံးက လယ်သမားချည်းပဲ။ ရွာကလယ်တွေ အကုန်လုံး ဧက ၅၀၀ ကျော်လောက်ဟာ အခုမြုပ်သွားပြီ။ကျွန်တော်တစ်ဦးတည်းကို ၁၀ ဧကကျော် စိုက်ပြီးထားတာ ဘာမှမကြာသေးဘူး အကုန်ပုပ်ကုန်ပြီလေ။ နွေရာသီ ခေါင်ခေါင်ကြီးမှာ မျောမြီးရေ ( စွန့်ပစ်ရေဆိုး)တွေ ဖောက်ချလိုက်လို့ လယ်တွေမြုပ်သွားတာပဲ။ ကျွန်တော်ဆို စိုက်ဖို့အဆင်သင့်ပြင်ထားပြီးသား ပျက်သွားတာ။ ဒီနှစ်အတွင်းဆို ၁၀ ကြိမ်ရှိပြီ။ တချို့လယ်တွေက မနှစ်ကတည်းကပျက်တာ။ အခုထပ်ပျက်တာ လက်ရှိ လုပ်ထားတဲ့လယ်။ ကျန်တဲ့ အထက်ဘက် အောက်ဘက်က အခင်းတွေ လယ်တွေက မရှိတော့ဘူး ရောင်းတဲ့ဟာရောင်း မရောင်း လို့လည်း မရဘူးလေ။ တိုင်လိုက်ရင်လည်း အရေးမယူဘူး။ မရောင်းရင်လည်း လုပြီးမျောတိုက်တဲ့ အနေအထားဖြစ်လာတယ်” ဟု ကွေ့ ပေကျေးရွာသားတစ်ဦးက ဆိုသည်။

ချောင်းကြီးချောင်းအတွင်း တရားမ၀င် ရွှေတူးဖော်နေမှုများကြောင့် အနီးရှိကျေးရွာများဖြစ်သော ကွေ့ပေ၊ တုံမိုင်မော်၊ ပုံဆန်ခါ နှင့် နွဲ့ပတ်ကျေးရွာများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း အချိန်အခါမဲ့ရေကြီးရေ လျှံဖြစ်ခြင်းကို ခံစားနေရပြီး  ချောင်းကြီး ချောင်းအတွင်းရှိ တရားမ၀င် ရွှေတူးဖော်နေမှုများကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ယခုချိန်အထိ ထူးခြားမှုမရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အထက်အဆင့်ဆင့်ကို တိုင်တယ်။ မနှစ်ကတည်းက နိုင်ငံတော်သမ္မတရုံးကို စာပို့ပြီး တိုင်တယ်။ အတိုင်ပင်ခံ ဆီကိုလည်း တိုင်တယ်။ အဂတိလိုက်စားမှု ကော်မရှင်ဆီမှာလည်း တိုင်တယ်။ စစ်ကိုင်းတိုင်း လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံဆီကိုလည်း တိုင်တယ်။ ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးဆီကိုလည်း တိုင်တယ်။ နေရာအနှံ့ အခုချိန်ထိ ဘာမှ မထူးခြားသေးဘူး။ မနှစ်ကတည်းက တိုင်ခဲ့တာ အဲဒီအချိန်ကသာ အရေးတယူ လုပ်ပေးခဲ့မယ်ဆိုရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး မေးလိုက်ရင် မြို့နယ်အဆင့်ကို ပြန်ညွှန်ကြားထားတယ်ပဲပြောတယ်။  ဘယ် တော့မှလည်းအရေး လာယူတာမရှိဘူး။ လာဖမ်းတာ မမြင်ရဘူး။ ပြီးခဲ့တဲ့လက နမ့်တောဘက်မှာ တရားမ၀င် မျောတွေဖမ်းပြီး မီးရှို့ တယ်လို့ကြားတယ်။ ကျွန်တော်တို့ဘက်အထိ ရောက်မလာဘူး။ ဆက်လုပ်နေကြတာပဲ” ဟု ကွေ့ပေကျေး ရွာသားတစ်ဦးက ဆိုသည်။

ချောင်းကြီးချောင်းသည် ဥရုမြစ်၏ အဓိက ချောင်းလက်တက်ဖြစ်ပြီး ဟုမ္မလင်း မြို့နယ်အတွင်းရှိ ချောင်းကြီးချောင်းအတွင်း တရားမ၀င်ရွှေတူးဖော်မှုများ လုံးဝမရှိစေရေး ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိကို ဟုမ္မလင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြည်သူ့လွှတ်တော်တွင် မေ ၂၅ ရက်က တင်ပြမေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးမှ တရား မ၀င်ရွှေတူးဖော်မှု မပြုလုပ်စေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများမှ ၀ိုင်းဝန်းထိန်းသိမ်းကြရန်နှင့်‌ ထိန်းသိမ်း၍မရပါက သက်ဆိုင်ရာ ဌာနများသို့ သတင်းပို့ကြရန်ညွှန်ကြားခြင်း၊ တရားမ၀င် ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ တရားမ၀င်ရွှေတူးဖော်ပါက အရေးယူခံနိုင်သည့်‌ မြန်မာ့သတ္တုတွင်းဥပဒေနှင့် မြန်မာ့ သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို ပြဋ္ဌာန်းထားရှိသည့်ပြစ်မှု၊ ပြစ်ဒဏ်များ ကိုလည်း ဒေသခံပြည်သူများ နားလည် သဘောပေါက်အောင် အသိပညာပေး စည်းရုံး ဟောပြောခြင်းများကို တိုးမြှင့်‌ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမ၀င်ဓာတ်သတ္တု ထုတ်လုပ်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ထောင်ဒဏ်နှင့်ငွေဒဏ်များကို တိုးမြှင့် ပြင်ဆင်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တရားမ၀င် ရွှေတူးဖော်မှု မရှိစေရေးအတွက် မြန်မာ့သတ္တုတွင်း နည်းဥပဒေနှင့်အညီ တိုင်းဒေသ ကြီး၊ ပြည်နယ်လုပ်ကွက် စိစစ်ချထားရေးအဖွဲ့ မှ ရွှေလုပ်ကွက်များနှင့်စပ်လျဉ်းပြီး စိစစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်‌ တရားမ၀င် ရွှေတူးဖော်နေသူများကို ဥပဒေနဲ့အညီအရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

September 7, 2018














Copy Protected by Chetan's WP-Copyprotect.