နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ဝမ်းရောဂါနှင့်ဖျားနာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူထပ်မံတိုးလာပြီး ခုနစ်ဦးအထိ ရှိလာ

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ဝမ်းရောဂါနှင့်ဖျားနာရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူထပ်မံတိုးလာပြီး ခုနစ်ဦးအထိ ရှိလာ
Published 8 September 2018

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝမ်းရောဂါနှင့် ဖျားနာရောဂါများ ဖြစ်ပွားမှုကြောင့် ကျေးရွာသုံးရွာမှ ကလေးငယ် သေဆုံးမှု ခုနစ် ဦးအထိရှိလာပြီဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည် ။

“မနေ့က ညနေ ၅ နာရီ ၊ ၆နာရီလောက် သတင်း ၊ (ရွာကလူတွေ ပြောပြချက်အရ ပေါ့ ) ဟိုတစ်ခေါက် ဖြစ်သွားတဲ့ ရွာလိုပဲ တစ်ရွာလုံးလိုလို ဖြစ်တယ် ကြားတယ် ။ အဲဒီရွာက ရှန်ဟဲပေါ်ကွန်ကျေးရွာပါ။ ဆေးကုသမှု အခြေအနေကတော့ ခုမနက် ၉ နာရီလောက် ဆက်သွယ်ချက်အရ ဆေးဝါးကုသတဲ့ အဖွဲ့ တွေက မရောက်သေးဘူးပြောတယ်။ အဲဒီ ရွာက ဒုံဟီးမြို့ကနေ မိုင် ၄၀ လောက်ဝေး တယ်။ ဟိုတစ်ခါဖြစ်တဲ့ ရွာ (လန်းပန်းကျေးရွာ)  ရဲ့ တစ်လမ်းထဲပဲ။ ဒုံဟီး-လဟယ်လမ်းရဲ့ မြောက်ဘက်အရပ်မှာ ၅ မိုင်လောက် အထဲကို ဝင်ရပါတယ်။ ရွာက အရင် ရွာထက်ပိုကြီး တယ်။ အိမ်ခြေ ၉၀ ကျော်လောက်ရှိမယ်။ တပ်မတော်က ဆေးကုတဲ့အဖွဲ့က ပထမဖြစ်နေတဲ့ လမ်းပန်းရွာမှာပဲ အခြေချနေပါတယ်။ သူတို့ သွားဖို့လာဖို့က သူတို့အထက်လူကြီးတွေ ညွှန်ကြားမှ သွားမယ်ထင်တယ်။ လမ်းပန်းရွာနဲ့ အဲဒီရွာနဲ့ ၆ မိုင်၊ ၇ မိုင်လောက်ဝေး ပါတယ်။ ဒီမနက် ၇ နာရီမှာ ဖုန်းခေါ်တော့ တော်တော်လေး စိုးရိမ်ရတဲ့ ကလေး ၃၊ ၄ ယောက်လောက်ရှိတယ် ပြောတယ်။ မနက် ၉ နာရီ သတင်းကြတော့ ကလေးတစ်ယောက် ဆုံးသွားတယ်ပြောတယ်။ ရွာက ရာအိမ်မှူးရဲ့ ကလေးပါ။ ကျွန်တော်ကတော့ မြို့နယ် ကျန်းမာရေးနဲ့ တိုက်နယ်ကျန်းမာရေးတို့ကတော့ မနေ့ကတည်းက အသိပေးထားပါတယ်။ သူတို့ ဘယ်လို စီစဉ်မလဲဆိုတာ သူတို့ကဏ္ဍပါ။ ကျွန်တော်ကိုယ်တိုင် သွားကြည့်ဖို့ မနက်ဖြန် သို့မဟုတ် ဒီနေ့ ရောက်အောင်သွားမှာပါ။ အခုဆိုရင် ဒုံဟီးနယ်နန်းယွန်းနယ်မှာ စာရင်းအရတော့ လမ်းပန်းရွာမှာက လေးယောက် သေပါတယ်။ ဟချွန်းဆာကျေးရွာမှာက ဝမ်းရောဂါဖြစ်လို့သေတာ ကလေးနှစ်ဦး၊ အခု ပေါ်ကွန်ရွာမှာ တစ်ယောက်ဆိုတော့ အားလုံး ခုနစ်ယောက် သေဆုံးခဲ့ပါပြီ။ လောလောဆယ်တော့ မြေပြင်ကို အရင်သွားပြီးမှ သာ ဆွေးနွေးတိုင်ပင်ပြီးမှ ဘယ်လိုဆိုတာ ထပ်ပြောလို့ရမှာပါ” ဟု နန်းယွန်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည် ။

အဆိုပါ ရောဂါများဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် လမ်းပန်းကျေးရွာမှ အစပြု၍ ဖြစ်ပွားခဲ့ပြီး ယခုအခါ ရှန်ဟဲပေါ်ကွန်ကျေးရွာတွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရောဂါ လက္ခဏာများမှာ ချောင်းဆိုးလျှင် သွေးပါခြင်း၊ နှာခေါင်းသွေးယိုခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားသူ အများစုနှင့် သေဆုံးသူများမှာ နာဂတိုင်းရင်းသား ကလေးငယ်များဖြစ်ကြသည်ဟု သိရသည် ။

“ရှန်ဟိုင်းပေါ်ကွန်က ဒီကနေ့ပဲ တစ်လသားအရွယ် တစ်ယောက်ဆုံးသွားပြီ။ ကျန်းမာရေး စောင့်ရှောက်မှုက ဒီကနေ့တော့ ရောက်လာမယ်။ အဲဒီရွာက အိမ်ခြေ ၉၀ ကျော် လူဦး ရေ ၆၃၅ ယောက်ရှိတယ်။ ရောဂါလက္ခဏာပဲ ပြောရမယ်။ ဒေသခံတွေက ဘာရောဂါဆိုတာ ကိုတော့မပြောတတ်ဘူး။ နှာစေးချောင်းဆိုးတယ်။ နှာခေါင်းသွေးယိုတယ်။ ချောင်းဆိုးရင် သွေးပါတယ်။ ကိုယ်ပူတယ်။ ဖြစ်တာကတော့ တစ်ရွာလုံးနီးပါးဖြစ်တာ။ အဲဒီရွာက နန်းယွန်းကနေဆို ဒုံဟီးမြို့ ဒုံဟီးကနေ ရောင်ကွန်ရွာ၊ တုံကီရွာအထိကတော့ လဟယ်သွားတဲ့ လမ်းကြောင်းအတိုင်းပါ။ တုံကီကနေ အဲဒီ ရှန်ဟဲပေါ်ကွန်ကို ပြန်သွားရမယ်။ လမ်းပန်း ဆက်သွယ်ရေးက ခက်တယ်။ တစ်ကြောင်းထိုး လမ်းတွေပါ။ ဆိုင်ကယ်လမ်းမပေါက်တဲ့ ရွာတွေထက်စာရင်တော့ အခုရွာက ဆိုင်ကယ်လမ်းပေါက်တော့ လမ်းကောင်းတယ် ပြောရမှာပေါ့။ ကျွန်တော်တို့ဒေသမှာ ဒီရောဂါတွေ တော်တော်များများဖြစ်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်။ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကွင်းဆင်းပြီး ကူညီမှုတွေ ပေးစေချင်တယ်။ နာဂဦးစီးအဖွဲ့တွေလည်း လာစေချင်တယ်” ဟု ဒုံဟီးမြို့ခံ ကိုလော်တိုးက ပြောကြားသည်။

 

 

Most Read

Most Recent