<

စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ နေပြည်တော်တွင် ပြုလုပ်

ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကို ဖွင့်လှစ်စဉ်

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲအား နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် စက်တင်ဘာ ၇ ရက်က စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ ကျင်းပခြင်းဖြစ်ပြီး သုံးရက်ကြာပြုလုပ်မည် ဖြစ်သည်။

“ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲ ဖြစ်ပါတယ်။ ဒါဟာ နေပြည်တော်မှာ နှစ်စဉ်တစ်ကြိမ်၊ ရန်ကုန်မှာ တစ်ကြိမ်လုပ်တဲ့ပွဲ ဖြစ်ပါတယ်။ ဒါက ငါးကြိမ်မြောက်ကတော့ နေပြည်တော်မှာ ဖြစ်ပါတယ်။ ခြောက်ကြိမ်မြောက်ကတော့ လာမယ့်ဇန်န၀ါရီမှာ ရန်ကုန်မှာ ဆက်ပြီးတော့ ဒါမျိုးပွဲဆောင်ရွက်ဖို့ ရှိပါတယ်” ဟု စက်မှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မျှော်၍ စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး  Myanmar Engineering Society (MES) ၏ ပံ့ပိုးကူညီမှုဖြင့်  Myanmar Promotional Services (MPS) Co.,Ltd က စီစဉ်ကျင်းပခြင်း ဖြစ်သည်။

ဦးကိုကိုလွင်က “ဒီနေ့မှာ ပြသထားတာကတော့ ကျွန်တော်တို့ နည်းပညာအနေနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပါပါတယ်။ အဲဒီမှာ စားသောက်ကုန်နဲ့ပတ်သက်တဲ့ နည်းပညာ၊ နောက် Waste Treament နဲ့ပတ်သက်တဲ့ နည်းပညာ၊ နောက် Waste Treatment မှာ ကျွန်တော်တို့ ၂၄ နာရီအွန်လိုင်း Monitoring ဘယ်လို လုပ်ရမယ်။ အရက်ချက်စက်ရုံတွေ၊ Waste ထွက်တဲ့ စက်ရုံတွေ။ အဲဒီလို စက်ရုံတွေမှာဆိုရင် Monitoring System တပ်ထားခြင်းအားဖြင့် ၂၄ နာရီအွန်လိုင်းမှာ ကြည့်ရှုပြီးတော့၊ စောင့်ကြပ်ကြည့်ရှုလို့ရမယ့် System တွေ ဒါမျိုးတွေ ပါပါတယ်။ နောက်တစ်ခါ အစားအသောက်နဲ့ပတ်သက်တဲ့ ဘယ်လိုကြာရှည်ထားလို့ခံမလဲ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့  ဒီဟာတွေ ဆွေးနွေးပွဲတွေ၊ Seminar လေးတွေ လုပ်ထားပါတယ်” ဟု ပြောကြားသည်။

ပြပွဲတွင် နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များနှင့်အတူ စက်မှုဝန်ကြီးဌာနလက်အောက်မှ ဌာနများဖြစ်သည့် DIC ၊ DIS ၊ အကြီးစားစက်မှုလုပ်ငန်း ၁၊ ၂၊ ၃၊ မြန်မာ့ဆေးဝါးလုပ်ငန်းများမှ ထုတ်ကုန်များ၊ လုပ်ငန်းများ ခင်းကျင်းပြသထားကြောင်း သိရသည်။

ပြပွဲကာလအတွင်း ‘ကနောင်ဆု’ စက်မှုနည်းပညာ တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကို အနာဂတ်လူငယ်များ၏ နည်းပညာဖန်တီးနိုင်မှုစွမ်းအား ဖော်ထုတ်မြေတောင်မြှောက်ပေးနိုင်ရန် ကဏ္ဍလေးခုဖြင့် ထည့်သွင်းကျင်းပပြီး ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

September 7, 2018














Copy Protected by Chetan's WP-Copyprotect.