ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် ရွှေပြားများ သတ်မှတ်ကာလမတိုင်မီ မည်းနေသည့်အတွက် ရွှေအရည်အသွေးပြည့်မီခြင်း ရှိ မရှိ ပညာရှင်များဖြင့်စစ်ဆေးမည်

ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် ရွှေပြားများ သတ်မှတ်ကာလမတိုင်မီ မည်းနေသည့်အတွက် ရွှေအရည်အသွေးပြည့်မီခြင်း ရှိ မရှိ ပညာရှင်များဖြင့်စစ်ဆေးမည်
Published 8 September 2018

ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသည့် ရွှေပြားများ သတ်မှတ်ကာလမတိုင်မီ မည်းနေသည့်အတွက် ရွှေအရည်အသွေးပြည့် မီခြင်း ရှိ မရှိ ပညာရှင်များနှင့် စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီရွှေတွေ ကပ်ခဲ့တာက လေးနှစ်က ၂၀၁၈ ကုန်မှ လေးနှစ်ပြည့်မှာဖြစ်ပါတယ်။ အခုလေးနှစ်မပြည့်သေးပါဘူး။ သို့သော်လည်း မည်းကုန်ပါတယ်။ ညိုမည်းကုန်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကနေပြီးမှ တစ်နှစ်တစ်နှစ်ကို အဲဒီတုန်းက သတ္တုတွင်းဝန်ကြီးဌာန ခေါ်ပါတယ်။ ဝန်ကြီးဌာနက နေပြီးမှ ၉၉ ဒသမ ၉၉ ရာနှုန်း ရွှေစင်အချောင်းတွေပေါ့။ ပိဿာပျမ်းမျှ ၁၀၀၊ ၁၅၀ ကို ထောက်ပံ့ခြင်း  လုပ်ပေးရပါတယ်။ ပေးပြီးမှ ဂေါပကကို လွှဲပေးပါတယ်။ ဂေါပက ကနေပြီးမှပေါ့။ ခုနက အစပိုင်းတုန်းကတော့ မျက်ပါးရွှေ ပြန်ပြီးခတ်ပါတယ်။ အချို့အပိုင်းတွေမှာ ရွှေအပြားလိုက်  တစ်ပေပတ်လည်အကွက်တွေမှာ ရွှေအပြား လိုက်ကပ်ပါတယ်။ ကပ်တဲ့အခါကျတော့ ခုနကပေါ့လေ။ ဒါသည် အနည်းဆုံး လေးနှစ်၊ ငါးနှစ်ခံရမှာဖြစ်ပါတယ်။ မျက်ပါးရွှေခတ် ကြိတ်ကပ်မယ်ဆိုရင်ပေါ့။ သို့သော်လည်း အခုသုံးနှစ်ကျော်လောက်နဲ့ မည်းကုန်ပါတယ်။ မည်းကုန်တော့ ဒီအပေါ်မှာ အခုဒီလကုန်ရင် ငြမ်းဆင်ပါမယ်။ ခုနက သိပ္ပံနဲ့ နည်းပိုင်းဆိုင်ရာ၊ သတ္တုပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဒါတွေကို ပြန်ခွာပြီးစစ်ပါမယ်။ မူလရွှေပါဝင်ခဲ့တဲ့ ရာနှုန်းပေါ့။ ပြန်စစ်ပါမယ်။ ၂၄ ကာရက်ပြည့် မပြည့်၊ ၁၆ ပဲရည် ရှိ မရှိ၊ နောက်သတ်မှတ်တဲ့ အလေးချိန် မီမမီ ပြန်စစ်ရပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သတ်မှတ်ကာလမတိုင်မီ ကပ်လှူထားသည့်ရွှေများ မည်းနေခြင်းကြောင့် ရွှေနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိသည့် ပညာရှင်များ၊ သတ္တုဗေဒပညာရှင်များ စိစစ်မည်ဖြစ်ပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိ အစိုးရလက်ထက်တွင် ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုးစေတီတော်၊ မဟာမြတ်မုနိဘုရားအပါအဝင် တန်ခိုးကြီးဘုရားများ၏ စီမံခန့်ခွဲမှုများကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်၏ စီမံခန့်ခွဲမှုများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရ ပူးပေါင်းတာဝန် ယူဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ကာလများတွင် ရွှေတိဂုံစေတီတော်အား ရွှေကပ်လှူနိုင်ရန်အတွက် နိုင်ငံတော်က ရောင်းချသည့် ရွှေချောင်းများ စနစ်တကျ ဖွင့်ဖောက်စစ်ဆေးမှု၊ ရွှေကပ်လှူရာတွင် ကန်ထရိုက်များအား အပ်နှံမှုနှင့် ရွှေကပ်လှူမှုများတွင် စစ်ဆေးကြပ်မတ်မှုများ အားနည်းခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက “စစ်ဆေးကြပ်မတ်မှု ရှိတော့ ရှိတယ်။ အားနည်းတယ်လို့ တွေ့ရပါတယ်။ တွေ့တော့ ဒါပညာရှင်တွေနဲ့ တိုင်ပင်ပါတယ်။ တိုင်ပင်တဲ့အခါကျတော့ ဒီမှာသွားတွေ့တာက မင်းတုန်းမင်းတရားကြီး လက်ထက်တုန်းက ရွှေအပြားလိုက်ကပ်တာကို သွားတွေ့ပါတယ်။ ကမ္ပည်းထိုးထားပါတယ်။  နှစ်ပေါင်း ၁၂၀ ခန့်ကြာခဲ့ပါပြီ။ ရွှေက ပကတိ ဝင်းအိနေပါတယ်။ သဘောက နှစ်ပေါင်း ၁၂၀ လောက်ရှိနေပြီ။ အခု ဘာဖြစ်လို့ ဒီရွှေကျမှ ၃-၄ နှစ်နဲ့ မည်း၊ မည်းနေရတာလဲ” ဟု ပြောကြားသည်။

ဆက်လက်၍ “တစ်နိုင်ငံလုံး စေတီပုထိုးတွေမှာ မျက်ပါးရွှေတွေ ကပ်ကြတယ်။ အောက်ပြည်၊ အောက်ရွာမှာတော့ဖြင့် မိုးများလို့ လေးနှစ်တစ်ကြိမ် ရွှေက မည်းသွားတဲ့အခါကျတော့ အဲဒါကို အသစ်ပြန်ကပ်ဖို့အတွက်ကို ရွှေမှိုက်ထုတ်ရပါတယ်။ ကန်ထရိုက်ပေးရပါတယ်။ ထုတ်တဲ့အခါမှာ ဟိုအရင်တုန်းကတော့ ရွှေမှိုက်ပြန်ထုတ်တဲ့အခါမှာ ပြန်ရတဲ့ရွှေက ရာခိုင်နှုန်း ၃၀၊ ၃၅ ရာခိုင်နှုန်းရတာကို ကျွန်တော် ဒုတိယဝန်ကြီးဘဝတုန်းက မှတ်သားထားခဲ့ပါတယ်။ အခုကျတော့ ဘယ်လောက်ဆိုတော့ ၂၅ ရာခိုင်နှုန်းပဲရတယ်လို့ ပြောပါတယ်။ ဒီကိစ္စအပေါ်မှာလည်း ခုနက ရွှေမှိုက်ထုတ်တဲ့ ကန်ထရိုက်တွေနဲ့ တာဝန်ရှိတဲ့ ဂေါပကအဖွဲ့ဝင်ကြားမှာ ဒါတွေက စဉ်းစားစရာ အချက်တွေဖြစ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

စေတီတော်များတွင် ကပ်လှူထားသည့် ရွှေများအား လေးနှစ်ပြည့်ချိန်တွင် ပြန်လည်ကပ်လှူရန် ရွှေမှိုက်ထုတ်ယူပါက ရာသီဥတုနှင့် လေမိုးဒဏ်ကြောင့် ၇၅ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read

Most Recent