ဥက္ကဋ္ဌ ဦးအောင်ကြည်လက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၅၆၄၁ စောင် ရောက်ရှိပြီး ကော်မရှင်စတင်ချိန်မှ စုစုပေါင်းအရေအတွက်၏ ထက်ဝက်ကျော်ရှိ

ဥက္ကဋ္ဌ ဦးအောင်ကြည်လက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၅၆၄၁ စောင် ရောက်ရှိပြီး ကော်မရှင်စတင်ချိန်မှ စုစုပေါင်းအရေအတွက်၏ ထက်ဝက်ကျော်ရှိ
Published 8 September 2018

ဥက္ကဋ္ဌဦးအောင်ကြည်လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာစုစုပေါင်းမှာ သြဂုတ် ၃၁ ရက်ထိ ၅၆၄၁ ခုရှိထားပြီး ၂၀၁၄ ခုနှစ် ကော်မရှင် စတင်ချိန်မှ ၂၀၁၈ သြဂုတ် ၃၁ ရက် အထိ စုစုပေါင်းအရေအတွက်၏ ထက်ဝက်ကျော်လာကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၁၈ သြဂုတ်လကုန်ထိ တိုင်ကြားစာစုစုပေါင်း ၁၀ယ၁၁၂ ခု ရှိထားပြီး အဆိုပါ တိုင်စာများထဲတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် စတင်သော ကော်မရှင် (လက်ရှိ) လက်ထက်တွင် ရရှိသော တိုင်စာမှာ ၅၆၄၁ ခု ပါဝင်ပြီး စုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည်။

လက်ရှိအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာများတွင် စုံစမ်းပြီး ၃၃ ခု၊ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း ၁၃၄၇ခု၊ အရေးယူရန်မရှိ (မှတ်တမ်းတွဲ) ၄၂၄၁ ခုနှင့် စိစစ်ဆဲ ၂၀ ရှိသည်။

ကော်မရှင်မှ လက်ခံရရှိသော တိုင်ကြားစာများအား အကြောင်းကိစ္စရပ်အလိုက် စိစစ်ရာတွင် အဂတိလိုက်စားကြောင်း ဖော်ပြတိုင်ကြားခြင်း (တာဝန်ပေးခြင်း အပါအဝင်) ၄၄ ခု၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ် ရေးဆိုင်ရာ လွဲမှားဆောင်ရွက်ခြင်း ၁၀၆၀ ခု၊ မြေယာကိစ္စ (လယ်ယာမြေစီမံခန့်ခွဲရေး) ၈၈၅ ခု၊ တရားစီရင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စ ၈၅၀၊ ဌာန၊ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ ၂၄၁၉ ခု၊ ပြန်လည်ရုပ်သိမ်းသော တိုင်ကြားစာငါးခုနှင့် အထွေအထွေ ၃၈၆ ခုရှိကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်တွင် Mercure Hotel ၌ ပြုလုပ်သည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် စီးပွားရေးသတင်းသမားတို့ သိသင့်သည်များ” ဆွေးနွေးဝိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုများအား စောင့်ကြည့်အကဲဖြတ်လျက်ရှိသည့် Transparency International အဖွဲ့မှ ထုတ်ပြန်သည့် အဂတိလိုက်စားမှု ပတ်သက်သည့် အညွှန်းကိန်းအရ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံအားအဆင့် ၁၈၀ သတ်မှတ်ထားခံရပြီး ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၇ သို့ တက်လာပြီး ၂၀၁၇ တွင် အဆင့် ၁၃၀ ရှိလာခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖြတ်ရေး ကော်မရှင် (ယခင်လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်) အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါ ရီ ၂၅ ရက်တွင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက် တွင် ဥက္ကဋ္ဌဦးအောင်ကြည် ဦးဆောင်သော ကော်မရှင် (လက်ရှိ) မှ စတင်တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent