WHO ကထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံက ကျန်းမာရေးလှုပ်ရှားမှု အတက်ကြွဆုံးနိုင်ငံစာရင်း၌ အဆင့် (၉)သတ်မှတ်ခံရ

WHO ကထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံက ကျန်းမာရေးလှုပ်ရှားမှု အတက်ကြွဆုံးနိုင်ငံစာရင်း၌ အဆင့် (၉)သတ်မှတ်ခံရ
Published 8 September 2018

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံက ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်းတွင် အတက်ကြွဆုံးနိုင်ငံစာရင်း ဝင်ခဲ့ပြီး အဆင့် (၉) အဖြစ်သတ်မှတ်ခံရကြောင်း သိရသည်။

အဆိုပါစစ်တမ်းတွင် နိုင်ငံအလိုက် ကျန်းမာရေးလှုပ်ရှားမှုကို လေ့လာထားခြင်း ဖြစ်သည်။ တစ်ပတ်လျှင် ကိုယ်လက် လေ့ကျင်ခန်းလုပ်ချိန် မိနစ် ၁၅၀ မပြည့်သောသူများ၏ ရာခိုင်နှုန်းအချိုးဖြင့် အဆင့်သတ်မှတ်ခြင်း ဖြစ်ပြီး ရာခိုင်နှုန်းများနေခြင်းသည် ပျင်းရိသူ ပိုများခြင်းကို ကိုယ်စားပြုကာ ရာခိုင်နှုန်းနည်းခြင်းက တက်ကြွသူများသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းတွင် မြန်မာနိုင်ငံအနေဖြင့် အတက်ကြွဆုံး ၁၀ နိုင်ငံစားရင်တွင် ပါဝင်ခဲ့ပြီး နဝမမြောက် အတက်ကြွဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ကာ လူဦးရေ၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းသာ တစ်ပတ်လေ့ကျင့်ခန်းလုပ်ချိန် မိနစ် ၁၅၀ အောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကူဝိတ်နိုင်ငံမှာ သတ်မှတ်ထားသော (၁၅၀ မိနစ်) လေ့ကျင့်ခန်းလုပ်ရန် ပျက်ကွက်သူ ၆၇ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့အပျင်းရိဆုံးနိုင်ငံ အဖြစ် ရပ်တည်နေပြီး အာဖရိကတိုက်မှ ယူဂန္ဓာနိုင်ငံမှာ ပျက်ကွက်သူ ၅ ဒသမ ၅ ရာ ခိုင်နှုန်းဖြင့် ကမ္ဘာ့အတက်ကြွဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

စစ်တမ်းတွင် အပျင်းရိဆုံးနိုင်ငံ ၂၀ အဖြစ် ကူဝိတ်၊ အမေရိကန် ဆာမိုအာ၊ ဆော်ဒီ၊ အီရတ်၊ ဘရာဇီး၊ ကော်စတာရီကာ၊ ဆိုက်ပရပ်၊ ဆူရီနမ်၊ ကိုလံဘီယာ၊ မာရှယ်လ်ကျွန်းစု၊  ပေါ်တူဂီ၊ ဘဟားမား၊ ဘာဗေးဒိုး၊ နယူးဇီလန်၊ ဂျာမနီ၊ နာဝူး (Nauru) ၊ မော်လ်တာ၊ အာဂျင်တီးနား၊ အီတလီနှင့် ယူအေအီးတို့ကို ဖော်ပြထားသည်။

ဆင်းရဲသောနိုင်ငံများတွင် သွားလာရာ၌ ခြေကျင်အသွားများခြင်းနှင့် လုပ်ငန်းခွင်များတွင်လည်း ကိုယ်ကာယအသုံးပြုရသည် များခြင်းတိ့ုကြောင့် ကိုယ်လက်လုပ်ရှားမှု ပိုရစေသည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent