<

ပြည်တွင်းလေဆိပ်များ၌ ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ခရီးသည်ငါးသန်းနီးပါး ၀င်ရောက်ခဲ့ပြီး ခရီးစဉ်ပျံသန်းမှု ၁၁၀၇၈၄ ကြိမ်ရှိခဲ့

လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ်ခဲ့သည့် မြစ်ကြီးနားလေဆိပ်အား တွေ့ရစဉ်

ပြည်တွင်းလေဆိပ်များ၌ ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ခရီးသည်စုစုပေါင်း ငါးသန်းနီးပါး ၀င်ရောက်ခဲ့ပြီး ပျံသန်းမှုကြိမ်ရေအနေဖြင့် ၁၁၀၇၈၄ ကြိမ် အထိရှိခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းလေဆိပ်များအနက် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်ပျံသန်းသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ် သုံးခုရှိပြီး အခြားပြည်တွင်းလေဆိပ်များအနေဖြင့် ညောင်ဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ လွိုင်ကော် ၊ သံတွဲနှင့် စစ်တွေ လေဆိပ်များသည် ခရီးသည်အများဆုံးရရှိသည့် ပြည်တွင်းလေဆိပ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးစဉ်ပျံသန်းမှုကြိမ်ရေ ၃၀၈၆၁ ကြိမ်ရှိပြီး လေဆိပ်သို့ ၀င်ရောက်သည့် ခရီးသည် ၁၇၂၄၁၁၁ ဦး၊ အထွက်ခရီးသည် ၁၇၂၇၀၆၈ ဦးရှိပြီး မန္တလေးလေဆိပ်တွင် လေကြောင်းခရီးစဉ်ပျံသန်းမှုကြိမ်ရေ ၃၉၄၉ ကြိမ်ရှိပြီး အ၀င်ခရီးသည် ၁၉၆၁၁၂ ဦး၊ အထွက်ခရီးသည် ၁၈၆၇၃၈ ဦး ၀င်ထွက် အသုံးပြုခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ပျံသန်းမှုကြိမ်ရေ ၈၁၇ ကြိမ်၊ လေဆိပ်သို့ဝင်ရောက်သည့် ခရီးသည် ၁၅၁၇၃ ဦး၊ လေဆိပ်မှ ထွက်ခွာသည့်ခရီးသည် ၁၂၈၃၅ ဦးရှိကြောင်း သတင်းရရှိသည်။

ပြည်တွင်းလေဆိပ်များအနက် လွိုင်ကော်လေဆိပ်သည် လွိုင်ကော်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သည့် တောင်ကွဲစေတီ၊ ထီးစဲခါးရေတံခွန်၊ လောပိတရေအား လျှပ်စစ်စက်ရုံ၊ ကန်ခုနစ်ဆင့်နှင့် ထီးပွင့်ကန် စသည့် သဘာဝရှုခင်းများသည် ပြည်တွင်း ပြည်ပခရီးသွားများ အများဆုံး သွားရောက် လည်ပတ်လေ့ရှိသဖြင့် ခရီးသည် ၀င်ရောက်မှု တိုးတက်လာခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သို့ နိုင်ငံခြားသားခရီးသည် လာရောက်လည်ပတ်မှုမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် တိုးတက်လာခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားခရီးသည် ၂၉၇၃ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လွိုင်ကော် လေဆိပ်သို့ ပြည်တွင်းခရီးသည် ၁၆၄၂၁ ဦး၊ နိုင်ငံခြားသားခရီးသည် ၂၉၇၃ ဦး စုစုပေါင်း ခရီးသည် ၁၉၃၉၄ ဦး ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ပြည်တွင်း လေဆိပ်များသို့ ခရီးစဉ်ပျံသန်းခဲ့သည့် လေကြောင်းလိုင်းများ အနေဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ Air Mandalay လေကြောင်းလိုင်း၊ Asian Wings ၊ ရွှေမြန်မာလေကြောင်းလိုင်း၊ Yangon Airways နှင့် FMI Air လေကြောင်းလိုင်းတို့ဖြစ်သည်။

September 7, 2018














Copy Protected by Chetan's WP-Copyprotect.