ဟောင်းနွမ်းစုတ်ပြဲနေသည့် တန်ဖိုးငယ် ငွေစက္ကူများ လဲလှယ်ပေးရန် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် သိန်း ၉၆၀၀ ဖိုး ထုတ်ပေးထား

ဟောင်းနွမ်းစုတ်ပြဲနေသည့် တန်ဖိုးငယ် ငွေစက္ကူများ လဲလှယ်ပေးရန် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် သိန်း ၉၆၀၀ ဖိုး ထုတ်ပေးထား
Published 30 August 2017

အများပြည်သူ လက်ဝယ်တွင် ရှိနေသော ဟောင်းနွမ်းစုတ်ပြဲနေသည့် တန်ဖိုးငယ် ငွေစက္ကူများ လဲလှယ်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် သိန်း ၉၆၀၀ ဖိုးထုတ်ပေးထားကြောင်း နိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ) ငွေကြေးဌာနမှ သိရသည်။

ရန်ကုန်မြို့ပေါ်ရှိပုဂ္ဂလိကဘဏ်များ  အနေဖြင့် ဟောင်းနွမ်းစုတ်ပြဲနေသည့် တန်ဖိုးငယ်ငွေစက္ကူ ကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်၊ ၅၀၀ တန်တို့အား ငွေစက္ကူအသစ်များနှင့် လဲလှယ်ပေးခြင်းလုပ်ငန်းကို ဆောင် ရွက်လိုပါက ငွေကြေးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲကို အဆိုပြုတင်ပြနိုင်ကြောင်း သိရသည်။

ယင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကဘဏ်များအနက် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၁၂ ခု၊ ကမ္ဘာ့ရတနာဘဏ် က ဘဏ်ခွဲ ၁၂ ခု၊ မြန်မာအရှေ့တိုင်းဘဏ် က ဘဏ်ခွဲ ရှစ်ခု၊ သမဝါယမဘဏ် (CB ဘဏ်) က ဘဏ်ခွဲခြောက်ခု၊ မြဝတီဘဏ်က ဘဏ်ခွဲ သုံးခု၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ဘဏ်ခွဲ နှစ်ခု၊ မြန်မာနိုင်ငံသားများဘဏ်က ဘဏ်ခွဲနှစ်ခု၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်က ဘဏ်ခွဲ နှစ်ခု၊ ဧရာဝတီဘဏ်က ဘဏ်ခွဲ နှစ်ခု၊ ရိုးမဘဏ်က ဘဏ်ခွဲ တစ်ခု တို့ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။

ဘဏ်အလိုက်ထုတ်ပေးထားသည့် တန်ဖိုးငယ်ငွေစက္ကူတန်ဖိုးမှာ ကမ္ဘာ့ရတနာဘဏ် ကျပ်သိန်း ၂၄၀၀၊ ကမ္ဘောဇဘဏ် ကျပ် သိန်း ၂၀၀၀၊ မြန်မာအရှေ့တိုင်းဘဏ် ကျပ် သိန်း ၁၆၀၀၊ သမဝါယမဘဏ် ကျပ်သိန်း ၁၂၀၀၊ မြဝတီဘဏ် ကျပ်သိန်း ၆၀၀၊ မြန်မာနိုင်ငံသား များဘဏ် ကျပ်သိန်း ၄၀၀၊ အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ် ကျပ်သိန်း ၄၀၀၊ ဧရာဝတီ ဘဏ်ကျပ်သိန်း ၄၀၀၊ မြန်မာ့ရှေ့ဆောင်ဘဏ် ကျပ်သိန်း ၄၀၀၊ ရိုးမဘဏ် ကျပ်သိန်း ၂၀၀ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူအသစ်များ လဲလှယ်ပေး လုပ်ငန်းဆောင်ရွက်ရာတွင် ဘဏ်ခွဲများသည် တန်ဖိုးငယ်ငွေစက္ကူအသစ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာနနှင့်ညှိနှိုင်း၍ ကြိုတင်တောင်းခံရခြင်းဖြစ်ပြီး ဘဏ်ခွဲများသည် ညှိနှိုင်းရရှိသည့် ပမာဏ အတိုင်း ဗဟိုဘဏ် ငွေကြေးဌာနတွင် သတ်မှတ်ရက်၌ ကနဦး လာရောက်ထုတ်ယူရမည်ဖြစ်သည်။ ငွေစက္ကူသစ်များ လဲလှယ်ပေးရန်ဘဏ်ခွဲတွင် ကောင်တာသီးခြားဖွင့်လှစ်ထားပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သော ကြော်ငြာစာ ကပ်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent