<

UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ထိုက်တန်သည်ဟု မိမိအား စီရော်နယ်လ်ဒို ပြောဆိုခဲ့ကြောင်း မိုဒရစ် ဖွင့်ဟ

Photo: EFE

ရီးယဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ မိုဒရစ်က စီရော်နယ်လ်ဒိုသည် ၂၀၁၈ UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ထိုက်တန်သည်ဟု မိမိအား ပြောဆိုခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်သည် စီရော်နယ်လ်ဒိုနှင့် ဆာလာတို့ကို ကျော်ကာ UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ယင်းဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိသလို၊ ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ကလည်း စီရော်နယ်လ်ဒို ဆုမရခဲ့သည့်အတွက် ဝေဖန်ခဲ့သည်။

ထို့နောက် ဆုမရခဲ့သည့်အတွက် စီရော်နယ်လ်ဒို စိတ်ဆိုးဒေါသထွက်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

Photo: Getty Images

မိုဒရစ်က “စီရော်နယ်လ်ဒိုက ကျွန်တော့်ဆီကို မက်ဆေ့ခ်ျပို့ပြီး ကျွန်တော့်အတွက် ဂုဏ်ယူကြောင်း၊ ကျွန်တော့်အတွက် ပျော်ရွှင်ကြောင်းနဲ့ ကျွန်တော့်အနေနဲ့ ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ပြန်လည်ဆုံတွေ့ဖို့ မျှော်နေတယ်လို့ သူက ပြောပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် မိုဒရစ်က ၂၀၁၈ FIFA The Best ဆုအတွက် ဆန်ခါတင်စာရင်းတွင် စီရော်နယ်လ်ဒို၊ ဆာလာတို့နှင့်အတူ ပါဝင်လာခဲ့သည့်အတွက်လည်း ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

“နောက်ထပ်ဆုကြီးတစ်ခုရဲ့ နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ဘာဖြစ်လာမလဲဆိုတော့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်နဲ့ စီရော်နယ်လ်ဒိုတို့အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ နောင်လည်း ဒါကို ဆက်ထိန်းသွားမှာပါ။ တစ်ဦးချင်းဆုတံဆိပ်တွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒါကိုရမှ ဖြစ်မယ်ဆိုတဲ့ စိတ်မျိုးတော့ မရှိပါဘူး”ဟု မိုဒရစ်က ပြောကြားခဲ့သည်။

September 7, 2018














Copy Protected by Chetan's WP-Copyprotect.