နေမာအား ဘရာဇီးလ်အသင်းခေါင်းဆောင်အဖြစ် နည်းပြ ထိထီ ခန့်အပ်

နေမာအား ဘရာဇီးလ်အသင်းခေါင်းဆောင်အဖြစ် နည်းပြ ထိထီ ခန့်အပ်
Published 7 September 2018

Photo: Getty Images

ဘရာဇီးလ်အသင်းနည်းပြ ထိထီသည် နေမာအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ထိထီသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ကစားသမားများကို အလှည့်ကျတာဝန်ပေးခဲ့ပြီး ယခုအခါ နေမာကို အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၆)နှစ်အရွယ်ရှိ PSG တိုက်စစ်မှူး နေမာသည် ဘရာဇီးလ်အသင်းခေါင်းဆောင်အဖြစ် စက်တင်ဘာလ (၈)ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၌ ခြေစမ်းမည့် အမေရိကန်အသင်းနှင့် ပွဲစဉ်တွင် စတင်ပွဲထွက်မည် ဖြစ်သည်။

နေမာက "ကျွန်တော် အသင်းခေါင်းဆောင်ရာထူးကို ပြန်လက်ခံလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ နောက်ပိုင်းနှစ်တွေမှာ ကျွန်တော် သင်ယူလေ့လာခဲ့တာတွေ အများကြီးရှိခဲ့သလို၊ နောက်ထပ်လည်း လေ့လာသင်ယူသွားမှာပါ။ ဒီတာဝန်က ကျွန်တော့်အတွက် ကောင်းတဲ့အရာ ဖြစ်မှာပါ။ အသင်းခေါင်းဆောင်ဖြစ်လာတာကြောင့် ကျွန်တော့်ရဲ့တာဝန်က အရင်ကထက် ပိုကြီးသွားပါပြီ"ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Photo: Getty Images

ထို့ပြင် နေမာက ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ၎င်း၏အပြုအမူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသည့် ပရိသတ်များကို တောင်းပန်ကြောင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဖြစ်မည်ဟု ယုံကြည်ခဲ့သော်လည်း ဖြစ်မလာခဲ့သည့်အတွက် နာကျင်စွာခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရသည်။

နေမာသည် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၀၁၀ ခုနှစ်တွင် စတင်ပွဲထွက်ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း (၉၀)ပွဲအထိ ကစားထားကာ (၅၇)ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်သည်။

နေမာသည် လက်ရှိဘရာဇီးလ်အသင်း၏ လူစာရင်းတွင် ပွဲအများဆုံးကစားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်းဝင်နေပြီး အသင်းသမိုင်းတစ်လျှောက်တွင်လည်း ပီလီ(၇၇ ဂိုး)၊ ရော်နယ်လ်ဒို (၆၂ ဂိုး)တို့ ပြီးလျှင် တတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။

Most Read

Most Recent