ဦးကိုနီ လုပ်ကြံခံရမှုတွင် အောင်ဝင်းဇော်ကို ကရင်ပြည်နယ်သို့ လိုက်ပို့မှုဖြင့် စွဲချက်တင် ခံထားရသည့် အောင်ဝင်းဇော်၏ အစ်ကို အောင်ဝင်းထွန်းအား စစ်ဆေး

ဦးကိုနီ လုပ်ကြံခံရမှုတွင် အောင်ဝင်းဇော်ကို ကရင်ပြည်နယ်သို့ လိုက်ပို့မှုဖြင့် စွဲချက်တင် ခံထားရသည့် အောင်ဝင်းဇော်၏ အစ်ကို အောင်ဝင်းထွန်းအား စစ်ဆေး
Published 7 September 2018

တရားရုံးသို့ လာရောက် အစစ်ဆေးခံနေသည့် အောင်ဝင်းထွန်းကို တွေ့ရစဉ်

ဦးကိုနီ လုပ်ကြံခံရမှုတွင် အောင်ဝင်းဇော်ကို ကရင်ပြည်နယ်သို့ လိုက်ပို့မှုဖြင့် စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်းကို စက်တင်ဘာ ၆ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးခဲ့သည်။

ဦးကိုနီအား လုပ်ကြံရန် ကြည်လင်းကို စေခိုင်းမှုဖြင့် တရားစွဲခံထားရသူ အောင်ဝင်းဇော်ကို ဦးကိုနီ လုပ်ကြံခံရပြီး နောက်တစ်ရက် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ညပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ လိုက်ပို့မှုဖြင့် အောင်ဝင်းထွန်းကို စွဲချက်ထားခြင်း ဖြစ်သည်။

အောင်ဝင်းထွန်းအား စစ်ဆေးစဉ် အောင်ဝင်းထွန်းက ၎င်းသည် ၁၉၈၉ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ယင်းဌာနမှ တရားဝင် အလုပ်ထွက်ပြီး ရန်ကုန် ရွှေတိဂုံဘုရားလမ်းရှိ ရှန်ဟိုင်းကုမ္ပဏီတွင် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး တာဝန်ခံဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လဝကတွင် လုပ်စဉ်က လစာမှာ ကျပ် ၇၅၀ ခန့်သာရ ရှိပြီး ရှန်ဟိုင်းကုမ္ပဏီတွင် လစာ ၅၀၀၀ ကျပ် ရရှိသဖြင့် အလုပ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် လျှပ်စစ်ပစ္စည်းတပ်ဆင်ရေးကုမ္ပဏီ နှင့် ကုမ္ပဏီအချို့တွင် လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ၎င်းတို့နေထိုင်သောအိမ်မှာ မီးလောင်သွားသည့်အတွက် စီးပွားပျက်ခဲ့ကြောင်း၊ ၂၀၀၄ တွင် ကုမ္ပဏီလုပ်ငန်းမှ ထွက်ပြီး ၂၀၁၄ ခုနှစ်အထိ တီဗွီ၊ ရေခဲသေတ္တာ၊ အဲကွန်း အရောင်းဆိုင် ဖွင့်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် လျှပ်စစ်ပစ္စည်း လုပ်ငန်းများ မှာ စီးပွားရေး ကျဆင်းလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မော်တင်စွန်းရှိ ဇီးချိုင်ရွာတွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ ဆောင်ရွက်နေကြောင်း၊ ဦးကိုနီ လုပ်ကြံခံရ သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ယင်းနေ့ ည ၇ နာရီအထိ မော်တင်စွန်းတွင် ရှိနေကြောင်း၊ ထိုနေ့က ၎င်း၏ လက်သမားဆရာ၊ ပန်းရန်ဆရာတို့နှင့်အတူ ဘန်ဂလို ဆောက်လုပ်နေကြောင်း၊ အခင်းဖြစ်ည ၇ နာရီခန့်တွင်မှ ရန်ကုန်သို့ ပြန်လာခဲ့ကြောင်း အောင်ဝင်းထွန်းက ထွက်ဆိုသည်။

ထို့ပြင် အောင်ဝင်းထွန်းက ရန်ကုန်သို့ ပြန်လာရခြင်းမှာ ၎င်းတို့ကိုးကွယ်သည့် ကရင်ပြည်နယ် ဘားအံ ဇာသပြင်ကျေးရွာရှိ တောင်ကလေးဆရာတော်၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ဇန်နဝါရီ ၁၁ ရက်အထိ ကျင်းပမည့် သိက္ခာထပ်ပွဲ၊ သိမ်သမုတ်ပွဲ၊ ပဋ္ဌာန်းပူ ဇော်ပွဲသို့ ဆရာတော်၏ မိန့်မှာချက်အရ ကြိုတင်သွားရောက်ရခြင်း ဖြစ်ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ လက်သမားဆရာက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါက်ကျေးရွာရှိ နေအိမ်တစ်လုံးကိုရွှေ့ ပြီး ပြန်ပြင်ဆောက်ရန်တို့ကြောင့် ရန်ကုန်သို့ ပြန်လာရခြင်းဖြစ်ကြောင်း၊ ပုံမှန်ပြန်နေကျရက်မှာ လကုန် ၃၁ ရက် ဖြစ်ကြောင်း၊ ထို့ နောက် တောင်ကလေး ဆရာတော်ထံသို့ ညီ ဖြစ်သူ အောင်ဝင်းဇော်နှင့်အတူ သွားစဉ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဘားအံ သံလွင်တံတားပေါ်ရောက်ရာ ဒုရဲအုပ်တစ်ဦးက ကားတား၍ စစ်ဆေးခဲ့ကြောင်း၊ အောင်ဝင်းဇော်မှာ ကားနောက်ခန်းတွင် အိပ်နေသဖြင့် ၎င်းက နှိုးခဲ့ရကြောင်း၊ ထို့နောက် ရဲများက စစ်ဆေးမေးမြန်းရန် ရှိသဖြင့် ဘားအံရဲစခန်းသို့ မောင်းပေးရန် ပြော၍ ၎င်းကိုယ်တိုင် မောင်းနှင်ပေးခဲ့ကြောင်း၊ ထိုသို့ မောင်းရာတွင် မိနစ် ၄၀ ခန့်ကြာမြင့်ပြီး ရဲကားမှာလည်း အနောက်မှ လိုက်လာကြောင်း၊ ယင်းနောက် စခန်းသို့ ရောက်ရာတွင် ၎င်းတို့ ညီအစ်ကိုနှစ်ဦးအား ခွဲထားခဲ့ပြီး ပါလာသည့် ပိုက်ဆံအိတ်၊ တယ်လီဖုန်း၊ ဒိုင်ယာရီစာအုပ်၊ ကားသော့ စသည့်ပစ္စည်းများကို ရဲများက သိမ်းသွားခဲ့ကြောင်း၊ ထို့နောက် ဘားအံရဲများ က ရန်ကုန်မှရဲများ လာခေါ်မည်ဟု ပြောကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် ရန်ကုန်ရဲများ ရောက်လာပြီး ၎င်းအား ပရိုဘောက်ယာဉ်ဖြင့် လာခေါ်ခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်ရာတွင် လက်ထိတ်နောက်ပြန်ခတ်ခြင်း၊ ခြေချင်းခတ်ခြင်း၊ မျက်နှာစည်းခြင်းတို့ ပြုလုပ်ခံခဲ့ရကြောင်း၊ ထို့နောက် ရန်ကုန်သို့ ရောက်လာပြီးနောက် ၎င်း၏နေအိမ်တွင် ရဲများ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရှာဖွေစဉ် ၎င်း၏ဇနီးဖြစ်သူက ရဲများကို ဘာကြောင့်ရှာဖွေသလဲဟု မေးမြန်းရာ သုံးပွင့်နှင့် ရဲအရာရှိက မမေးနဲ့၊ လုပ်ငန်းစဉ်ကိုသာ ပူးပေါင်းဆောင်ရွက်ပါဟု ပြန်လည်ပြောကြား ခဲ့ကြောင်း၊ မိမိနှင့်ညီဖြစ်သူ အောင်ဝင်းဇော်ကို ဘားအံ တံတားပေါ်တွင် ဖမ်းဆီးစဉ်နှင့် ၎င်း၏နေအိမ်သို့ ရှာဖွေမှုများ ပြုလုပ်ခြင်းကို အဘယ်ကြောင့် ထိုသို့ပြုလုပ်ရသည်ဟု ရဲတပ်ဖွဲ့က ၎င်းတို့အား ပြောကြားခဲ့ခြင်း မရှိသလို ၎င်းင်းတို့လည်း သိရှိခဲ့ခြင်း မရှိကြောင်း၊ အောင်ဝင်းထွန်းက ထွက်ဆိုခဲ့သည့်အပြင် အခြားထွက်ချက်များကိုလည်း ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် စပ်လျဉ်း၍ ပုဒ်မအသီးသီးဖြင့် စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ပြီးခဲ့သည့် ရုံးချိန်းများက စစ်ဆေးပြီးစီးခဲ့ပြီး ယခုရုံးချိန်းတွင် အောင်ဝင်းထွန်း အား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အောင်ဝင်းထွန်းမှာ လက်ရှိတွင် အာမခံ ရရှိထားသဖြင့် အပြင်မှလာရောက်ကာ အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

Most Read

Most Recent