<

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံထားရသည့် MDCF ခေါင်းဆောင် ကိုထင်ကျော်အား ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ်

ကိုထင်ကျော်အား စက်တင်ဘာ ၆ ရက်က ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ်လာစဉ်

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် MDCF ခေါင်းဆောင် ကိုထင်ကျော်အား ရန်ကင်းမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၆ ရက်က ရုံးထုတ်ခဲ့သည်။

စက်တင်ဘာ ၆ ရက်ရုံးချိန်းတွင် ကိုထင်ကျော်အား ရန်ကင်းမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး တရားခွင်၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး တရားလို ရန်ကင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအား စစ်ဆေးခဲ့သည်။

ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှာ တရားခွင်တွင် ၎င်းအနေဖြင့် ပုဂ္ဂိုလ်ရေးအရ တရားစွဲဆိုခြင်း မဟုတ်ဘဲ အထက်အဆင့်ဆင့်မှ နိုင်ငံတော်သမ္မတရုံး၊ တိုင်းခရိုင်ထွေအုပ်သို့ တင်ပြ၍ အထက်မှ အမိန့်ပေးသဖြင့် ကိုထင်ကျော်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ရုံးချိန်းအား စက်တင်ဘာ ၂၀ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် တရားလိုဖြစ်သူ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအား ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ကိုထင်ကျော်၏ ရုံးထုတ်သို့ MDCF အဖွဲ့ဝင်များ လာရောက်ပြီး ကိုထင်ကျော်အား အားပေးထောက်ခံမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ကို ထင်ကျော်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့တွင် ပြောဆိုမှုများနှင့်ပတ်သက်ပြီး အမှုဖွင့်ခံရခြင်းဖြစ်ကာ ၎င်းအား သြဂုတ် ၃၁ ရက်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကိုထင်ကျော်မှာ ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ဆန္ဒထုတ်ဖော်မှုများကြောင့် ဖမ်းဆီးခံရပြီး ကုန်ဈေးနှုန်း ကျဆင်းရေးစသည့် လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

September 7, 2018














Copy Protected by Chetan's WP-Copyprotect.