ဘင်္ဂါလီ မွတ်စလင်များအား အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့် ရှိနိုင်သည်ဟု ICC က မဲအများစုဖြင့် ဆုံးဖြတ်

ဘင်္ဂါလီ မွတ်စလင်များအား အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့် ရှိနိုင်သည်ဟု ICC က မဲအများစုဖြင့် ဆုံးဖြတ်
Published 7 September 2018

ဘင်္ဂါလီ မွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) များအား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့် ရှိနိုင်သည်ဟု ICC ၏ တရားခွင်အကြိုအစည်းအဝေးက မဲအများစုဖြင့် ဆုံးဖြတ်လိုက်ကြောင်း သည်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ထုတ်ပြန်ချက်တစ်ရပ်၌ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံမဲ့ မွတ်စလင် လူနည်းစုမှ လူပေါင်း ၇၀၀,၀၀၀ ခန့်သည် လွန်ခဲ့သည့်နှစ် သြဂုတ်လက တပ်မတော်စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး နောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

စက်တင်ဘာ ၆ ရက်တွင် ICC ၏ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာအစိုးရအဖွဲ့ကို အေအက်ဖ်ပီ သတင်းဌာနက ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားထိပ်တန်းတပ်မတော်အရာရှိ ငါးဦးကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှု၊ ဘင်္ဂါလီ မွတ်စလင်များအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုတို့ ဖြင့် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုရန် တောင်းဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြမ်းဖက်မှုများသည် ရွာပေါင်းများစွာကို မီးလောင်လျက် ကျန်ရစ်စေခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်များလက်တွင် သတ်ဖြတ်မှုများနှင့် မုဒိမ်းကျင့်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း စွပ်စွဲမှုများ ရှိသည်။

ဧပြီလတွင် မမျှော်လင့်သော လုပ်ရပ်တစ်ခုအဖြစ် ICC ၏ တရားစွဲဆိုရေးဆိုင်ရာ အကြီးအကဲ ဖာတူးဘင်ဆူဒါက အတင်းအဓမ္မ မောင်းထုတ်ခဲ့မှုများကို လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှုအဖြစ် ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်မည်လား ဟူသည်ကို ဆုံးဖြတ်ပေးရန် တရားသူကြီးများအား တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ICC ကို ပန္နက်ချထားသော ရောမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားခြင်း မရှိသည့်အပြင် ICC အဖွဲ့ ဝင်နိုင်ငံလည်း မဟုတ်သောကြောင့် ယင်း တောင်းဆိုချက်သည် ဥပဒေကြောင်းအရ ရှုပ်ထွေးမှုများ ရှိနေသည်။

မြန်မာနိုင်ငံသည် အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်နေကြောင်း အသံထွက်ခဲ့ပြီး ICC ကို အုပ်စိုးသော ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် နိုင်ငံတစ်နိုင်ငံအား စုံစမ်းစစ်ဆေးရန် တရားစီရင်ပိုင်ခွင့် ရှိသည်ဟု ICC ပဋိညာဉ်၌ အမှန်တကယ် ဖော်ပြထားခြင်း မရှိဟု ပြောကြားခဲ့သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် ICC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တရားသူကြီးများက အတင်းအဓမ္မ မောင်းထုတ်မှုသည် နယ်စပ်ကို ဖြတ်ကျော် ကျူးလွန်သော ရာဇဝတ်မှု ဖြစ်သောကြောင့် ICC အနေဖြင့် ဘင်္ဂါလီ မွတ်စလင်တို့၏ ဒုက္ခများကို စုံစမ်းစစ်ဆေးရန် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

ယခုအခါ စက်တင်ဘာ ၆ ရက် ဆုံးဖြတ်ချက်သည် ယခုကိစ္စအား အကြိုစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တရားဝင် လမ်းဖွင့်ပေးလိုက်ကြောင်း ကြေညာရန် တရားစွဲဆိုသူအတွက် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။

ယင်းသည် ဘင်ဆူဒါအား တရားခွင်သို့ တင်နိုင်ရန်ပင် ဦးတည်သွားစေနိုင်သည့် အပြည့်အ၀ စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်ရန် လုံလောက်သော သက်သေ အထောက်အထား ရှိ မရှိ ကြည့်နိုင်ရန် အခွင့်အလမ်းတစ်ရပ်ကို ပေးလိုက်ခြင်း ဖြစ်သည်။

ICC တရားသူကြီးများက ယင်းကဲ့သို့ သော အကြိုစုံစမ်း စစ်ဆေးမှုတစ်ရပ်ကို သင့်တာ်သည့် အချိန်ကာလ တစ်ရပ်အတွင်း ကောက်ချက်ချပေးရမည်ဟု ပြောကြားခဲ့သည်။

သို့သော် တရုတ်နိုင်ငံက ကမ္ဘာ၏ တစ်ခုတည်းသော စစ်ရာဇဝတ်မှုဆိုင်ရာ အမြဲတမ်းခုံရုံး၌ သူ၏ မဟာမိတ် မြန်မာနိုင်ငံကို တရားစွဲဆိုမည့် ကိစ္စအား ကဖျက်ယဖျက် လုပ်ရန် ကြိုးပမ်းနိုင်ဖွယ် ရှိခြင်းနှင့်အတူ တရား ခွင်တင်နိုင်ရန် လမ်းကြောင်းသည် ရှုပ်ထွေးရှည်လျားလိမ့်မည် ဖြစ်သည်။

သည်ဟိတ်မြို့တွင် ၂၀၀၂ ခုနှစ်က ထူထောင်ခဲ့သော ICC သည် နိုင်ငံတော်တရား ရုံးများက အရေးယူရန် ဆန္ဒမရှိသော သို့မဟုတ် အရေးယူနိုင်စွမ်း မရှိသော အရာများ၌ ကျူးလွန်သည့် လူမျိုးတုံး သတ်ဖြတ်မှုများ အပါအဝင် အဆိုးရွားဆုံး မတရားမှုများကို တရားစီရင်ရန် ဆောင်ရွက်သည်။

ICC ၏ အကြီးမားဆုံး အောင်မြင်မှုများထဲတွင် ဒီအာကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများနှင့် မာလီနိုင်ငံ တင်ဘူတူ မြို့ရှိ မွတ်စလင်ဘာသာရေး အဆောက်အအုံ များကို ဖျက်ဆီးခဲ့မှုများအား စီရင်နိုင်မှုတို့ ပါဝင်သည်။

မြန်မာတပ်မတော်က စွပ်စွဲမှုများအားလုံးကို ငြင်းဆိုခဲ့ပြီး ၎င်းင်းတို့၏ စစ်ဆင်ရေး သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင် ခန့်ကို သေဆုံးစေခဲ့သည့် လွန်ခဲ့သည့်နှစ်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တရားဝင်တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂါလီ မွတ်စလင်များကို အတင်းအဓမ္မ မောင်းထုတ်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသည် အာရှတိုက်၌ ICC အတွက် တတိယမြောက် စုံစမ်းစ်ဆေးမှု ဖြစ်လာမည် ဖြစ်သည်။

 

Most Read

Most Recent