နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး လွှတ်တော်သို့ တင်ပြ

နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး လွှတ်တော်သို့ တင်ပြ
Published 7 September 2018

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေပြည်တော်၌ စက်တင်ဘာ ၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။

“၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့များမှာ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ခဲ့ရမှု ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် နျူကလီးယားလက်နက်တွေရဲ့ အန္တရာယ်ကြီးမားပုံကို တွေ့ရမှာ ဖြစ်ပါတယ်။ Hibakusha ခေါ် ယင်းတိုက်ခိုက်မှုတွေမှ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ၊ ၎င်းတို့ရဲ့ သားသမီးတွေဟာဆိုရင်လည်း အဏုမြူရောင်ခြည်သင့်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်း စတဲ့ ဆိုးကျိုးတွေကို လက်ရှိအချိန်ထိ ခံစားရလျက် ရှိပါတယ်။ ၁၉၄၅ ခုနှစ်က တီထွင်ထားတဲ့ နျူကလီးယားလက်နက်တောင် အဲ့ဒီလောက်အထိ ပြင်းထန်တယ်ဆိုရင် ယနေ့ ၂၁ ရာစုမှာရှိတဲ့ နျူကလီးယားလက်နက်တွေဟာ ဒီထက်အဆပေါင်းများစွာ ပြင်းထန်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ထို့ပြင် နျူကလီးယားလက်နက် ပေါက်ကွဲမှု မတော်တဆ ဖြစ်ပွားမည်ဆိုပါက မိုင်ပေါင်းများစွာတွင် ဖြန့်ကြက်နေထိုင်လျက်ရှိသည့် အဆောက်အအုံများနှင့် လူသိန်းဂဏန်းမှ သန်းဂဏန်းအထိ တစ်ပြိုင်နက်တည်း ထိခိုက်သေကျေစေမည်ဖြစ်ပြီး ထိုမျှပြင်းထန်သည့် ပျက်စီးမှုများကို ထိရောက်စွာ ကူညီ ကယ်ဆယ်နိုင်သည့် နည်းပညာ၊ နိုင်ငံ၊ အဖွဲ့အစည်းသည် ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

TPNW စာချုပ်သည် နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးကို ဦးတည်စေမည်ဖြစ်ပြီး ယနေ့အချိန်ထိ ယင်းစာချုပ်ကို လက်မှတ်ရေးထိုးသည့် နိုင်ငံ ၆၀ နှင့် အတည်ပြု ပါဝင်သည့် နိုင်ငံ ၁၄ နိုင်ငံရှိပြီဖြစ်ကာ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့က စာချုပ်ကို လက်မှတ်ရေးထိုးထား၍ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က စာချုပ်ကို အတည်ပြု ပါဝင်ထားကြောင်းနှင့် စာချုပ်ကို အတည်ပြု ပါဝင်သည့် နိုင်ငံ ၅၀ ပြည့်မီမှသာ စာချုပ်အာဏာ အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ်သို့ ၁၉၉၂ ခုနှစ်တွင်လည်းကောင်း၊ ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့ ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်သို့ ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်သို့ ၂၀၁၆ ခုနှစ်တွင်လည်းကောင်း အတည်ပြု ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent