သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဘင်္ဂါလီဒုက္ခသည်များက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဘင်္ဂါလီဒုက္ခသည်များက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ
Published 7 September 2018

သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် ကောစ့်ဘဇာမြို့ရှိ Teng Khali ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများ စက်တင်ဘာ ၅ ရက်နေ့က တောင်းဆိုနေစဉ် (Photo: Reuters)

ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဘင်္ဂါလီဒုက္ခသည်များက ဘင်္ဂလားဒေ့်ရှ်နိုင်ငံ ကောစ့်ဘဇာမြို့တွင်ရှိသော Teng Khali ဒုက္ခသည်စခန်းတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

လူအယောက် (၅ဝ) ခန့်ရှိသော ဘင်္ဂါလီဒုက္ခသည်အုပ်စုက ဘင်္ဂါလီအဖွဲ့အစည်းနှင့် ပတ်သက်သော သတင်းအား ဖော်ပြခဲ့ခြင်းကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသော ရိုက်တာသတင်းဌာနမှ ဝလုံးနှင့် ကျော်စိုးဦးတို့၏ မျက်နှာပါရှိသော ဆိုင်းဘုတ်များနှင့် “ဝလုံးနှင့် ကျော်စိုးဦးကို လွှတ်ပေး” ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားခဲ့ကြပြီး “လွှတ်ပေး” ဟု ရွတ်ဆိုခဲ့ကြကာ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

ဆန္ဒပြခဲ့သော ဒုက္ခသည်များထဲတွင် အင်ဒင်ကျေးရွာတွင် သေဆုံးခဲ့သော ဘင်္ဂါလီများ၏ ဆွေမျိုးများပါရှိကြောင်းနှင့် အဆိုပါ ဘင်္ဂါလီများက ဖမ်းဆီးခံရသော ရိုက်တာသတင်းထောက်များ၏ မိသားစုအား သနားမိသည်ဟု ပြောဆိုကြောင်း ယင်းသတင်းဖော်ပြချက်တွင် ပါရှိခဲ့ကြောင်းလည်း သိရှိရသည်။

စက်တင်ဘာ ၃ ရက်က ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမိန့်ချခဲ့သည့် တရားခွင်သို့ အမေရိကန်သံရုံးမှ သံအမတ်နှင့် တာဝန်ရှိသူများ၊ အီးယူမှ တာဝန်ရှိသူများ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။

သတင်းထောက်နှစ်ဦးအား အမိန့်ချမှတ်ပြီး မကြာမီတွင် ၎င်းတို့အား ပြန်လွှတ်ပေးရန် အမေရိကန်၊ ဗြိတိန်၊ အီးယူ စသည့် နိုင်ငံများမှ ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent