ဈေးကွက်ရှိ တရားဝင်/တရားမဝင် အရက်တံဆိပ်ပေါင်း ၁၃၀ ကိုစစ်ဆေးရာ အရက်ဆီများတွင် အန္တရာယ်ရှိ Methyl Alcohol နှင့် Fusel Oil များ လွန်ကဲစွာပါဝင်နေ 

ဈေးကွက်ရှိ တရားဝင်/တရားမဝင် အရက်တံဆိပ်ပေါင်း ၁၃၀ ကိုစစ်ဆေးရာ အရက်ဆီများတွင် အန္တရာယ်ရှိ Methyl Alcohol နှင့် Fusel Oil များ လွန်ကဲစွာပါဝင်နေ 
Published 30 August 2017

ဈေးကွက်အတွင်း တရားဝင် တင်သွင်းရောင်းချလျက်ရှိသည့် အရက်ဘီယာများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

ဈေးကွက်အတွင်း တရားဝင်၊ တရားမဝင် ရောင်းချသော အရက်တံဆိပ်ပေါင်း ၁၃၀ ကို စစ်ဆေးရာ အရက်ဆီများတွင် အန္တရာယ်ရှိ Methyl Alcohol နှင့် Fusel Oil များ လွန်ကဲစွာ ပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

“ဒီနေ့အထိ စစ်ဆေးပြီး အရက်တံဆိပ်ပေါင်း ၁၃၀ ရှိတယ်။ စစ်ဆေးလိုက်တဲ့အခါမှာ တရားဝင်ရော တရားမဝင်အရက် စုစုပေါင်း ၁၃၀ မှာ Methyl Alcohol၊ Fusel Oil ပါတဲ့ဟာက နိုင်ငံတကာ လက်ခံနိုင်တဲ့ အဆင့်မှာပဲရှိတယ်။ ဒါပေမဲ့ တကယ်တမ်း အများကြီး ပိုပါနေတာက အရက်ဆီတွေမှာ ဖြစ်နေတယ်။ အရက်ဆီကို သတ်မှတ်တဲ့ အချိုးကျနဲ့ ရောလို့ရှိရင် သောက်လို့ရတဲ့အဆင့် ရှိတယ်။ အရက်ဆီတွေမှာ Methyl Alcohol၊ Fusel Oil ပါဝင်မှုက နိုင်ငံတကာက သတ်မှတ်တဲ့ ပမာဏထက် ကျော်နေတယ်။ ဈေးကွက်ကို တင်ရောင်းနေတဲ့ အမှတ်တံဆိပ် ၁၀၀ ကျော်မှာတော့ ခွင့်ပြုထားတဲ့ ပမာဏမှာ ရှိတာကို တွေ့ပါတယ်။ ဒါကြောင့် အရက်ဆီကို ထိန်းချုပ်ဖို့လုပ်ပါမယ်။ ထပ်ပြီးတော့လည်း စစ်ဆေးဖို့အတွက် နမူနာတွေ ယူထားပြီးပြီ။ အရက်ဆီက အန္တရာယ်ရှိနေတဲ့အတွက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆက်လုပ်ဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံ သောက်သူ ၁၀ ဒသ မ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိကြောင်းနှင့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်များတွင် အရက်သောက်သုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်လာပြီး အရက်သောက်သုံးမှုများ၏ ရာခိုင်နှုန်း ၇၀ မှာ တရားဝင် တင်သွင်းထားခြင်း မရှိသည့် အရည်အသွေးမမီ အရက်များ ဖြစ်နေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အရက်သောက်သုံးမှုနှုန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ငါးနှစ်အတွင်းက သုတေသနပြုလုပ်ခဲ့ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရက်သောက်သုံးမှုနှုန်းမှာ ယခင်ကထက်  ၂၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း၊ ယင်းတို့အနက် အရှေ့တောင်အာရှ နိုင်ငံများမှာ ၆၈ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ဥရောပနိုင်ငံ အပါအဝင် အခြား အရက်သောက်သုံးမှုနှုန်းများသည့် နိုင်ငံများထက် နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးကြကြောင်း၊ သန်း ၈၀ နီးပါးသည် အရက်၊ ယမကာကြောင့်ဖြစ်သည့် နာမကျန်းမှုများ ဖြစ်နေကြောင်းနှင့် အသက် ၁၅ နှစ်အထက် လူတစ်ဦးသည် တစ်နှစ်လျှင် အရက် ၆ ဒသမ ၂ လီတာ သောက်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးသူများထဲမှ ၂၅ ရာခိုင်နှုန်းသည် တရားမဝင်ရောင်းချသော အရက်ကို သောက်သုံးနေကြကြောင်း သိရသည်။

အရက်မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါရှိသူများ အပါအဝင် အရက်ကို စွဲစွဲမြဲမြဲ သောက်သူများသည်  အရက်ကြောင့် အစာဝင်သည့် လမ်းကြောင်း၊ အာခံတွင်းမှစ၍ အစာမျိုသည့် ပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမမှ အသည်း၊ ကဆီအိမ် (ပန်ကရိယ)၊ ကျောက်ကပ်စသည့် အရေးကြီး အစိတ်အပိုင်းများကို အရက်၏ အဆိပ်ကြောင့် ပျက်စီးစေကြောင်းနှင့် ဦးနှောက်နှင့် အာရုံကြောများကိုပါ ထိခိုက်စေကြောင်း သိရသည်။

 

Most Read

Most Recent