<

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂတွင် ယခုလအတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမည်

ဘင်္ဂါလီမွတ်စလင်လူနည်းစုအား ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် မြန်မာတပ်မတော်ခေါင်းဆောင်များအား စွပ်စွဲထားမှုများအတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်က ကုလသမဂ္ဂတွင် ယခုလအတွင်း ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ပြီး ထို ကျူးလွန်သူများအား တရားခွင်တင်ရမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

ဟန့်က သူသည် မြန်မာနိုင်ငံသို့လည်း သွားရောက်မည်ဖြစ်ပြီး မြန်မာတပ်မတော်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

လူမျိုးစုသန့်စင်မှုများသည် မည်သည့်ပုံစံဖြင့် ဖြစ်ပွားသည်ဖြစ်စေ၊ မည်သည့် နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ အပြစ်ပေး မခံရဘဲ မည်သည့်အခါမျှ လွတ်မြောက်မနေသင့်ကြောင်း၊ ထိုထိတ်လန့်ဖွယ်ရာဇ၀တ်မှုများအား ကျူးလွန်သူများကို တရားခွင်သို့ပို့ရမည်ဖြစ်ကြောင်း ဟန့်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ထိုစွပ်စွဲချက်များအတွက် မြန်မာခေါင်းဆောင်များက အပြင်းအထန်ငြင်းဆိုခဲ့သည်။ ပြစ်မှုများတွင် တာဝန်ရှိသူများအား တရားခွင်သို့ ပို့ရန်ကိစ္စသည် ရှည်လျားပြီး ခက်ခဲသော လမ်းဖြစ်ကြောင်း ဟန့်က ၀န်ခံခဲ့သည်။ ထိုပြစ်မှုကျူးလွန်သူများဟု သံသယရှိသူများအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC သို့ လွှဲပေးရန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ယင်းကဲ့သို့လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ၌ သဘောတူညီချက် ရရှိနိုင်ခြင်း ရှိ၊ မရှိ သည် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဟန့်က ပြောကြားခဲ့သည်။

ယခုလအတွင်း ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ၀န်ကြီးများအဆင့် အဆင့်မြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန် ဆန္ဒရှိကြောင်း ပြီးခဲ့သောဇူလိုင်တွင် ဗြိတိန်နိုင်ငံခြားရေးဝန် ကြီးအဖြစ် ခန့်အပ်ခံရသော ဟန့်က ပြောကြား ခဲ့သည်။

September 6, 2018














Copy Protected by Chetan's WP-Copyprotect.