ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် လုံခြုံရေးတိုးမြှင့်
Published 30 August 2017

ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ တိုက်ခိုက်ခြင်းကြောင့် ရဲဝန်ထမ်းများ၊ တပ်မတော်သားနှင့် ရခိုင်တိုင်းရင်းသား အနွယ်ဝင်များ သေဆုံးခဲ့ရပြီးနောက် မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့တွင် နေ့ညလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြို့တွင်းမှာ နေ့၊ ညလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသလို ရဲကင်းစခန်းတွေကိုလည်း သတိရှိရှိနဲ့ လုံခြုံရေး ဆောင်ရွက်နေပါတယ်။ ရခိုင်အရေးဖြစ်ပြီးတဲ့ နောက်နေ့ကစပြီး ဆောင်ရွက်နေတာပါ” ဟု မြဝတီ မြို့မရဲစခန်းမှူးက ပြောကြားသည်။

အင်အားနည်းသည့် ရဲကင်းများကို ရခိုင်မှာကဲ့သို့ အစွန်းရောက် အကြမ်းဖက်သမားများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း မခံရအောင် အထူးဆောင်ရွက်နေသည် ဟုလည်း ၎င်းက ပြောကြားသည်။

“နေ့ခင်းဘက်ရော၊ ညဘက်ပါ အကြမ်းဖက်သမားတွေ မဝင်လာရအောင် နယ်စပ်ဂိတ် ချစ်ကြည်ရေး တံတားမှာရော လှေဂိတ်တွေမှာပါ အထူးကြပ်မတ်ပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု မြို့မရဲစခန်းမှူးက ဖြည့်စွက်ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံဘက်တွင်လည်း အစွန်းရောက် ဘင်္ဂါလီများ မြန်မာနိုင်ငံမှ တရားဝင်နှင့် တရားမဝင် ဝင်ရောက်လာခြင်း မရှိအောင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်စပ်တစ်လျှောက ်ဘင်္ဂါလီများ ထိုင်းနိုင်ငံအတွင်း ကျူးကျော်မရောက်ရှိစေရေး ထိုင်းတပ်မတော်နှင့် ပူးပေါင်းအဖွဲ့များမှ စစ်ဆေးလျက်ရှိပြီး ရခိုင်ပြည်နယ် အတွင်းမှ အကြမ်းဖက်ဘင်္ဂါလီများ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာပါက ဖမ်းဆီးနိုင်ရန် အသင့်အနေအထား စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent