ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်တွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းများနှင့် ကိရိယာများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ် သယ်ယူပို့ဆောင်သဖြင့် ဖမ်းဆီး အရေးယူခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်တွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းများနှင့် ကိရိယာများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ် သယ်ယူပို့ဆောင်သဖြင့် ဖမ်းဆီး အရေးယူခဲ့
Published 6 September 2018

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် နားလီကျေးရွာအနီးတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လားရှိုးဘက်မှ မိုင်းရယ်ဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီးတွဲကား နှစ်စီးနှင့် ပါကျဲရိုးငွေမှင်ရောင် ယာဉ်တစ်စီးတို့ကို စစ်ဆေးရာ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ကိရိယာများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိ သယ်ယူပို့ဆောင်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီး အရေးယူခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ စက်တင်ဘာ ၅ ရက်တွင် သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် နံနက် ၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဦးစီးအဖွဲ့တို့သည် သက်သေများနှင့်အတူ မိုင်းရယ်မြို့နယ် နားလီကျေးရွာအနီးတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှေ့ပြေး ၂၂ ဘီး တွဲကားနှစ်စီးကို စစ်ဆေးနေချိန် နောက်ထပ် ပါဂျဲရိုးတစ်စီး ရောက်ရှိလာသဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး နယ်မြေခံမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော ပစ္စည်းများမှာ HYUNDA အနီရောင် ၂၂ ဘီးတွဲကားပေါ်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ဟု ယူဆရသော ပလတ်စတစ် ပေပါတစ်လုံးလျှင် ၁၈၀ လီတာခန့်ပါ အပြာရောင် ပလပ်စတစ်ပေပါ ၁၈ လုံး စုစုပေါင်း ၃၂၄၀ လီတာခန့်၊ အီသိုင်းအီသာဟု ယူဆရသော သံပေပါတစ်လုံးလျှင် ၁၈၀ လီတာခန့်ပါ အပြာရောင်သံပေပါ ၆၉ လုံးနှင့် အဖြူရောင်သံပေပါ ၁၉ လုံး စုစုပေါင်း ၈၈ လုံး၊ ကဖင်းဟုယူဆရသော ဆာလာအိတ်ဖြင့် ထည့်ထားသည့် အဖြူရောင်အမှုန့် တစ်အိတ်လျှင် ကိုးကီလိုပါ ၂၅ အိတ်၊ အလေးချိန် စုစုပေါင်း ၂၂၅ ကီလိုတို့ကိုလည်းကောင်း၊ SINOTERUK အဖြူရောင် ၂၂ ဘီးတွဲကားပေါ်မှ အလျားရှစ်ပေ၊ လုံးပတ် ၁၇ ပေခန့်ရှိ အပြာရောင်ဘွိုင်လာအိုးတစ်လုံး၊ အလျား ရှစ်ပေ၊ လုံးပတ် ၁၄ ဒသမ ၆ ပေခန့်ရှိ အပြာရောင်ဘွိုင်လာအိုး တစ်လုံး၊ အလျား ၆ ဒသမ ၈) ပေ၊ လုံးပတ် ၁၁ ပေရှိသော အပြာရောင် ဘွိုင်လာအိုးတစ်လုံး၊ အလျား ၆ ဒသမ ၆ ပေ၊ လုံးပတ် ၁၄ ပေရှိ အပြာရောင်ဘွိုင်လာအိုး တစ်လုံး စုစုပေါင်း ဘွိုင်လာအိုးငါးလုံး၊ အပြာရောင်ပြွန်ပိုက်လေးလုံး၊ အပြာရောင်မော်တာ လေးလုံးနှင့် လက်ကိုင်ဖုန်းများ၊ မြန်မာငွေများ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ထုတ်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းများနှင့် ကိရိယာများကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိ၍ သယ်ယူပို့ဆောင်ပေးသူ လှမြင့်၊ ကျော်ဦး၊ လင်းအောင်၊ ဇော်ဇော်၊ ကျော်မင်းထွန်းနှင့် အိုက်ခေးတို့ခြောက်ဦးအား အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent