<

ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် အိမ် ၃၀ ခန့် စိုးရိမ်ရသည့် အခြေအနေရှိဟု သိရ

ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် ကမ်းပြိုနေသည်ကို တွေ့ရစဉ်

ယခင်နှစ်က ရေကာတာ တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ရေလွှဲတန်းတည်ဆောက်ထားခဲ့သော ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် အိမ်သုံးလုံး ဖျက်ရွှေ့ရမည့် အခြေအနေဖြစ်ပြီး အိမ် ၃၀ ခန့်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

“ကျွန်တော်တို့ ၂၀၁၇ မှာ သူတို့ တည်ဆောက်ပေးခဲ့တဲ့ ကမ်းထိမ်းနံရံက တစ်နှစ်မပြည့်ခင် ပြိုလဲသွားတယ်။ ပြိုလဲတဲ့အချိန်မှာ ကမ်းပါးဘေးမှာ နေထိုင်တဲ့ ပြည်သူလူထုတွေ စိုးရိမ်ကြောင့်ကြမှုကြီးလို့ ရေမြစ်ဖြိုးနဲ့ မြို့နယ်ဌာနဆိုင်ရာတွေကို အကုန်လုံး တင်ပြတောင်းဆိုတယ်။ တောင်းဆိုတော့ မီနီဘတ်ဂျက်မှာ တစ်ခါချပေးတယ်လို့ပြောတယ်။ ရေလွှဲတန်းကို မီနီဘတ်ဂျက်မှာ လာလုပ်တယ်။ သူတို့လုပ်လာတဲ့ အချိန်က မီနီဘတ်ဂျက်မို့ နောက်ကျတဲ့အပိုင်း ဖြစ်ကောင်းဖြစ်မယ်။ ရေလွှဲတန်းရဲ့ အနေအထားမှာ ရေတွေများတော့ အကုန်လုံး ပေါက်ကျိုးသွားတယ်။ ရွာရဲ့ တောင်ပိုင်းရှားခုံကြီးဆိုတာ ဧက အင်မတန် ကျယ်ပါတယ်။ ရှားခုံက လေးဧကကျော် ပါသွားပြီ။ ရှားခုံပါသွားတာနဲ့ တစ်ပြိုင်နက် ရွာကို အန္တရာယ်ကြုံလာရပြီ။ မြေထိန်းနံရံ အထက်ဘက်က ပါသွားပြီ မြေထိန်းနံရံလည်း ညက ၂ နာရီထိုးမှာ ပါနေပြန်ပါပြီ။ ကမ်းပါးဘေးက အိမ်တွေက ညတွင်းချင်း ပစ္စည်းတွေ ရွှေ့တယ်။ ကျေးရွာရဲ့ အနေအထားနဲ့ ကူညီ ၀ိုင်းဝန်းပေးပါတယ်။ သူတို့တစ်တွေဟာ စားဝတ်နေရေးတောင် အနိုင်နိုင်ရုန်းကန်နေရတော့ ရွှေ့ပြောင်းမယ်ဆိုရင်တောင် ဘယ်နေရာမှာ ရွှေ့ပြောင်းမှာလဲ။ ကမ်းပါးက ခြံစပ်ရောက်နေပြီ။ ညဆို အိမ်ပေါ်မှာ မအိပ်ရဲတဲ့ အဆင့်ဖြစ်နေပြီ။ သူတို့ကို ဘယ်နေရာကို ပြောင်းရွှေ့မယ်ဆိုတာ တိုင်ပင်ပေးရတဲ့ အနေအထား ရှိပါတယ်။ ကမ်းပါးဖဲ့တာက ရေနည်းတော့ တဖြည်းဖြည်း ဖဲ့နေဆဲပါ။ အိမ်တွေရွှေ့ပြောင်းလို့ရအောင် ကားတွေ အဆင်သင့်တော့ လုပ်ထားပါတယ်။ သူတို့ အခက်အခဲကို အားလုံးကို သိစေချင်တာပါ။ မြောက်စည်းကျေးရွာက သက်တမ်း ၁၀၀ ကျော်နေပြီ။ အခုလို ဆက်လက်ကမ်းပါးက ဆက်လက် ဖဲ့နေမယ်ဆိုရင်တော့ လာမယ့် ကောက်ခြေဖြတ် (စပါးရိတ်သိမ်းပြီး ပွင့်လင်းရာသီ) မှ လုပ်မယ်ဆိုရင်တော့ ရွာဟာ တော်တော် အန္တရာယ်များနေပါပြီ။ ကမ်းပါးမပြိုအောင် မပဲ့အောင် ကာကွယ်ပေးစေချင်တဲ့ ဆန္ဒရှိတယ်။ ဌာနဆိုင်ရာ တတ်ကျွမ်းတဲ့သူတွေမှသာ နားလည်မှာ။ ပြောင်းရွှေ့ရအောင်လုပ်မယ့် အိမ်ခြောက်အိမ်ရှိပါတယ်။ လောလောဆယ် သုံးအိမ်ကတော့ အန္တရာယ်ရှိနေတာ။ ရွာတောင်ပိုင်းက အစပဲ့တာဆိုတော့ ဘယ်ဖက်ဖဲ့မယ်ဆိုတာက ရေမြေအခြေအနေကို မှန်းဆမရတော့ ဘယ်လောက် အန္တရာယ်ရှိသွားမယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်ရွာလုံး အိမ်ခြေက ၄၁၀ ကျော် ရှိပါတယ်။ ရွာတောင်ပိုင်းကမ်းပါးမှာ ရှိတာကတော့ အိမ်ခြေ ၂၅၊ ၃၀ လောက် ရှိပါတယ်” ဟု မြောက်စည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသိန်းက ပြောကြားသည်။

ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး မဏိပူရ်မြစ် (ဒေသအခေါ် နန်းကသည်း ချောင်း) ကမ်းထိန်းနံရံကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် သန်း ၁၃၉ သန်းဖြင့် အလျား ၈၄၀ ပေကို နိုင်လင်းကျော်ကုမ္မဏီမှ တာဝန်ယူကာ ၂၀၁၇ ဖေဖော်ဝါရီ ၅ ရက်မှ မေ ၁၇ ရက်အထိ တည်ဆောက်ခဲ့ပြီး တည်ဆောက်အပြီး လေးလအကြာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြစ်ရေတိုက်စားသဖြင့် ပျက်စီးခဲ့ခြင်းကြောင့် ယခုနှစ် ခြောက်လ ဘတ်ဂျတ်ဖြင့် ထပ်မံတည်ဆောက်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအခြေအနေက ညဆိုရင် အိပ်လို့မပျော်ပါဘူး။ ကလေးတွေနဲ့ ဒီမှာ အိပ်ရတာဆိုတော့ နေစရာလည်းမရှိပါဘူး။ အိမ်လေးက ရှိပေမယ့် ပြောင်းစရာမြေက မရှိဘူး။ အုပ်ချုပ်ရေးမှူးကတော့ ရွာရဲ့မြောက်မှာ ရွာဘုံမြေ သုံးဧကလောက်တော့ ရှိပါတယ်။ အဲဒီမှာ ယာယီတဲတန်းထိုးပေးထားမယ်လို့တော့ ပြောပါတယ်။ အိမ်ကတော့ ရွှေ့ပြောင်းတာလို့တော့ မရှိပါဘူး။ အုပ်ချုပ်ရေးမှူးက ခြံတိုင်လေးတွေ ပါသွားပြီဆိုရင်တော့ အိမ်ကိုဖျက်ပြီး ယာယီတဲတန်းထိုးပေးမယ် ပြောပါတယ်။ ကျွန်မတို့လို လက်လုပ်လက်စားလေးတွေကို အိမ်ဝင်းယာလေး ချထားပေးစေချင်ပါတယ်” ဟု ကမ်းပါးပြိုနေသည့် နန်းကသည်းချောင်းဘေးတွင် နေထိုင်သူ မမာမာတင်မှ ပြောကြားသည်။

ယခုနှစ် မိုးရာသီကာလ မြောက်စည်းကျေးရွာ ကမ်းပြိုမှုမှ ကာကွယ်နိုင်ရေးအတွက် မဏိပူရ်မြစ် (ဒေသအခေါ် နန်းကသည်း ချောင်း) ကြောင်း အရှည်ပေ ၄၀၀၄ ပေကို ရေလမ်းကြောင်း ဖြောင့်ခြင်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းနံရံ အလျားပေ ၈၁၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို ကျပ်သန်း ၅၀၀ အသုံးပြု MIT Co.,Ltd မှ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျတ်ဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းမှ သောင်တူးခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေ ၁၅ ရက်က စတင်ပြုလုပ်ခဲ့ရာ ဇွန် ၁၄ ရက်တွင် မဏိပူရ်မြစ်ရေ ရုတ်တရက် ကျဆင်းလာပြီး ရေလမ်းကြောင်း ဖြောင့်ထားသည့် သောင်အရှည်ပေ ၂၅၀၀ ကျော်မှာ မျောပါပျက်စီးခဲ့ပြီးနောက် သောင်တူးခြင်းနှင့် ကမ်းထိန်းနံရံပြုလုပ်ခြင်းကို ရပ်နားခဲ့သည်။

September 5, 2018














Copy Protected by Chetan's WP-Copyprotect.