မြောင်းမြတံတားအသစ် တည်ဆောက်မှုမှာ PC Girder များ တပ်ဆင်နေသည့် လုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရည်မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ဖွင့်လှစ်နိုင်မည်

မြောင်းမြတံတားအသစ် တည်ဆောက်မှုမှာ PC Girder များ တပ်ဆင်နေသည့် လုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရည်မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ဖွင့်လှစ်နိုင်မည်
Published 6 September 2018

မြောင်းမြတံတားအသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်ကို တွေ့ရစဉ်

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ ၄၈ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ပြီး PC Girder များ တပ်ဆင်နေသည့် လုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ကာ ရည်မှန်းထားသည့် ၂၀၁၉ ခုနှစ် ဧပြီလဆန်းပိုင်းရက်ထက် ဆောလျင်စွာ ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

မြောင်းမြကြိုးတံတားအဟောင်း မကျိုးပျက်မီ ၂၀၁၇ ခုနှစ် မေ ၁ ရက်မှ စတင်ကာ မြောင်းမြတံတားအသစ် စီမံကိန်းအား ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင် စတင်တည်ဆောက်နေခဲ့ပြီး စတင်တည်ဆောက်စဉ်က Balance Cantilever Method ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ပြီး တည်ဆောက်ချိန်မှာ အချိန်နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် နှစ်နှစ်ခန့်အထိ အခက်အခဲများ မကြုံတွေ့ရစေရေးအတွက် တစ်နှစ်အတွင်း တည်ဆောက်ပြီးစီးနိုင်သည့် Steel Truss Type အမျိုးအစားအား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထူထောင်ထားသည့် J& M Steel Solution မှ အသေးစိတ် ဒီဇိုင်းအသစ် ရေးဆွဲကာ တံတားဒီဇိုင်းအသစ်အား ပြောင်းလဲ တည်ဆောက်နေကြောင်း၊ ယခုတည်ဆောက်နေသည့် တံတားအသစ်စီမံကိန်းတွင် လူအင်အားနှင့် စက်ကိရိယာ အင်အားများ ပြည့်ဝစွာ အသုံးပြု တည်ဆောက်နေသောကြောင့် စီမံကိန်း၏ ၄၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး တံတားချဉ်းကပ်လမ်းတွင် PC Girder (Pre Stress Concrete Girder) များ စတင်တပ်ဆင်နေပြီဖြစ်ကြောင်း၊ တံတား တည်ဆောက်မှုလုပ်ငန်းစဉ်မှာ မျှော်မှန်းထားသည်ထက် အောင်မြင်မှုကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာပင် တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“အခုဆို ၄၈ ရာခိုင်နှုန်းလောက် ပြီးစီးပြီလို့ ပြောလို့ရပါတယ်၊ အခုက PC Girder (Pre Stress Concrete Girder) အဲဒါတွေ စပြီးတော့ တင်နေပြီပေါ့နော်။ ချဉ်းကပ်လမ်းမှာ စတင်နေပြီ။ ၄၈ ရာခိုင်နှုန်းပြီးပြီ၊ ကျွန်တော်တို့ကတော့ အရင်မှန်းထားတဲ့ ရည်မှန်းချက်အတိုင်း ဝင်အောင်လို့ ကြိုးစားပြီးတော့ ပြည်ထောင်စုအစီအမံနဲ့ အင်နဲ့အားနဲ့ လုပ်နေတာပေါ့။ အဲဒီမှာ နောက်နှစ် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက် အဲဒီလောက်ကို ပြီးရမယ်။ ပြီးဖို့ကို ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် မြောင်းမြမြို့နှင့် လပွတ္တာမြို့များတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံအတွင်းရှိ မြောင်းမြကြိုးတံတားကဲ့သို့ တည်ဆောက်ခဲ့သည့် ကြိုးတံတားပေါင်း ၂၉ စင်း၏ ကြံ့ခိုင်မှုကို တံတားအထူးအဖွဲ့များနှင့် နိုင်ငံခြားပညာရှင်များ ပူးပေါင်းကာ စစ်ဆေးခဲ့ပြီးကြောင်း၊ စစ်ဆေးမှုရလဒ်များအရ ကြံ့ခိုင်မှု အားနည်းနေသည့် ကြိုးတံတားများကို တံတားများ အသစ်ပြန်လည် တည်ဆောက်သည့် ပုံစံမျိုး မဟုတ်ဘဲ လက်ရှိကြိုးတံတားများကို ဘေလီသံပေါင်ဆွဲတံတားများအဖြစ် ပြုပြင်တည်ဆောက်နိုင်ရန် ပြင်ဆင် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent