ဟင်္သာတမြို့၌ ခိုးမှုနှင့် လုယက်မှု များလာသဖြင့် ဒေသခံများ လုံခြုံရေး စိုးရိမ်နေကြ

ဟင်္သာတမြို့၌ ခိုးမှုနှင့် လုယက်မှု များလာသဖြင့် ဒေသခံများ လုံခြုံရေး စိုးရိမ်နေကြ
Published 6 September 2018

လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ၊ မြို့ဝင်ဂိတ်များ၌ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ ခိုးမှုနှင့် လုယက်မှုများ ဖြစ်ပွားမှုများလာသဖြင့် လုံခြုံရေးအတွက် ဒေသခံများ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါ ခိုးမှုနှင့် လုယက်မှုများမှာ ညပိုင်းအချိန်တွင် အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး ဟင်္သာတမြို့လယ်ကောင်နေရာများ၌ပါ ဖြစ်ပွားမှုရှိလာကြောင်း သိရသည်။

“မြို့မှာ လုယက်မှုတွေဖြစ်တာ စိပ်လာတယ်။ ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ အ.ထ.က (၁) ကျောင်းရှေ့နားမှာဆိုရင် G.T.C ကျောင်းသားနှစ်ယောက် အလုခံရပြီး အရိုက်ခံရတယ်။ တစ်ယောက်က ဆေးရုံရောက်သွားတယ်။ ရွာသာကုန်းဘက်မှာလည်း မကြာသေးခင်က အလုခံရတယ်။ ကျွန်တော်တို့ ဝတစ်လုံး ရွှေပြည်အေးဘက်မှာလည်း သုံးကြိမ်သုံးခါ အလုခံရတယ်။ ည ၆ နာရီကျော်ကနေ ၈ နာရီအတွင်းပေါ့။ လုတဲ့ပုံစံက နောက်ကနေ ဆိုင်ကယ်နဲ့လိုက်ပြီး ရှေ့က စက်ဘီးစီးတဲ့လူတွေကို လုတာပေါ့။ ခါးက ပိုက်ဆံအိတ်တို့၊ ဖုန်းတို့၊ ခြင်းထဲက ပိုက်ဆံအိတ်တို့ကိုနှိုက်ပြီး လုတာပေါ့” ဟု မြို့ခံကိုသာထွန်းအောင်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ဆက်စပ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ မေးမြန်းခဲ့ရာ ဆိုင်ကယ် ပျောက်ဆုံးမှုများ၊ လုယက်မှုများ ဖြစ်ပွားမှု စိပ်လာသဖြင့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ လုံခြုံရေး ပိုမိုဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဖြေကြားသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ရပ်ကွက်တွေရော၊ ကျေးရွာတွေ ရောမှာ လုံခြုံရေးကို ပိုပြီးဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ ကိုယ့်တစ်ဖွဲ့တည်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝန်ထမ်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါတယ်။ နေ့ခင်းတွေတင်မဟုတ်ဘဲ ညမှာဆိုရင်လည်း မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း စောင့်ကြပ်ပြီး ဆောင်ရွက်ပါတယ်။ ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး အုပ်ချုပ်ရေးမှူး ၇၀ လောက်နဲ့ စက်ကွန်ရက်နဲ့ အဆက်အသွယ် လုပ်ပါတယ်။ ဘယ်မှာတော့ ဘယ်လိုထူးခြားမှုတွေ ရှိနေတယ်။ ဘယ်နေရာကနေ ဘယ်လိုစောင့်ကြပ်ကြည့်ရှုမယ် စသဖြင့် ဒါကိုလည်းပဲ တစိုက်မတ်မတ် လုပ်နေပါတယ်။ ထူးခြားတာရှိရင်လည်း ကျွန်တော်ကိုယ်တိုင်ပဲ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတို့နဲ့ ချိတ်ဆက်ပြီး ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည်း လုံခြုံရေး ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များအား လက်နက်များ ထုတ်ပေးကာ အင်အားတိုးမြှင့် ဆောင်ရွက်နေပြီး လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ၊ မြို့ဝင်ဂိတ်များ၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လုံခြုံရေးနဲ့ပတ်သက်ပြီး ယခင်ဆောင်ရွက်တာထက်ပိုမိုပြီး အင်အားတိုးမြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ခေတ်မီလက်နက်ခဲယမ်းတွေကိုလည်း စနစ်တကျ ထုတ်ပေးပြီး အင်အားတိုးမြှင့်ပြီး လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ ဂိတ်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဟင်္သာတမြို့ အမှတ်(၁) မြို့မရဲစခန်းမှ ရဲအုပ်ထိန်လင်းက ဆိုသည်။

ဟင်္သာတမြို့၌ ဖြစ်ပွားခဲ့သည့် လုယက်မှုများ၊ ခိုးမှုများနှင့်ပတ်သက်၍လည်း တာဝန်ရှိသူများထံ အသိပေး တိုင်ကြားမှုများ ရှိနေပြီး ရဲတပ်ဖွဲ့မှလည်း စုံစမ်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent