စာရွက်ပေါ်၌ ပရောဂျက်အားလုံးသည် ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် လွန်စွာအားနည်းကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

စာရွက်ပေါ်၌ ပရောဂျက်အားလုံးသည် ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် လွန်စွာအားနည်းကြောင်း လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
Published 6 September 2018

စက်တင်ဘာ ၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

စာရွက်ပေါ်၌ ပရောဂျက်အားလုံးသည် ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် လွန်စွာအားနည်းကြောင်း ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ဝေဖန်ပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ဒေါက်တာတင်တင်ဝင်းက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စာရွက်ပေါ်မှာ ပရောဂျတ်အားလုံးဟာ အလွန်ကောင်းမွန်ပါတယ်။ လက်တွေ့ အကောင်အထည်ဖော်ရာမှာတော့ အလွန်အားနည်းပါတယ်။ ဒီအတွက် ကျွန်မ မကြာခဏ ဆွေးနွေးခဲ့သလို ME က အရေးကြီးပါတယ်။ ME ဆိုတာ အားလုံးပြီးမှ စစ်ဆေးရမှာ မဟုတ်ပါဘူး။ ပရောဂျတ်စဆွဲကတည်းက ပါရမယ့်အရာပါ။ ဘတ်ဂျက်ထဲမှာ ပါရမှာဖြစ်ပါတယ်။ လုပ်ငန်းစတာကို ME က သိရမယ်။ လုပ်ငန်းအလယ်မှာလည်း သေချာအကောင်အထည်ဖော်ရဲ့လား သိနေရပါမယ်။ လုပ်ငန်းအဆုံးမှာလည်း စိစစ်ပြီးဖြစ်နေရမယ်။ အောင်မြင်သည်မှာ သေချာနေပြီး ဖြစ်နေရမယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ပြောကြားသည်။

ထို့ပြင် ကျေးရွာနေ ၇၀ ရာခိုင်နှုန်းသော ပြည်သူလူထု မဖွံ့ဖြိုးမတိုးတက်သမျှ မြန်မာပြည်မတိုးတက်နိုင်ဘဲ တိုးတက်ရန်အတွက် လယ်ယာပိုင်ဆိုင်မှု ခိုင်မာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ မျိုးစေ့ကောင်းမွန်ရေး၊ ဈေးကွက်ရှာဖွေပေးရေး စသည်တို့သည် အရေးကြီးပြီး စိုက်ပျိုးရေးဘက်တွင် မျိုးစေ့ကောင်းပေးခြင်း၊ နည်းစနစ်ကောင်းများ ပေးခြင်းသည်လည်း အရေးကြီးသည့်အပြင် စိုက်ပျိုးရန် ရေရရှိရေးသည်လည်း အရေးကြီးကာ ရေရရှိခြင်း ရှိ မရှိကို ME လုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရယူထားသော ချေးငွေပေါင်း အမေရိကန်ဒေါ်လာ ၁၉၈၄ ဒသမ ၁၆၉ သန်းဖြစ်ပြီး အဆိုပါငွေများချေးပြီး နောက်ပိုင်းတွင် တိုင်းပြည်အတွက် အမြတ်ရအောင် မည်သို့ ဆက်လက်ဖော်ဆောင်မည် ဆိုသည်က အလွန်အရေးကြီးကြောင်း၊ အတိုးများ အချိန်မီဆပ်နိုင်ရေးကို ခေါင်းထဲအမြဲထည့်ထားရမည်ဖြစ်သလို အောက်ခြေအထိ လယ်သမားတောင်သူများ တကယ်အကျိုးရှိ၍ လူနေမှုဘ၀ မည်မျှတိုးတက်သည်ကို တိုင်းတာရမည်ဖြစ်ကြောင်း ဒေါက်တာ တင်တင်ဝင်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent