လာမည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၅၀၀ သာရှိရန် ဆောင်ရွက်မည်ဟု မျှော်မှန်းထားမှုမှာ ကုန်သွယ်မှုလိုငွေ နှစ်စဉ်ကျဆင်းလာနေခြင်းကြောင့် ဟုဆို

လာမည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၅၀၀ သာရှိရန် ဆောင်ရွက်မည်ဟု မျှော်မှန်းထားမှုမှာ ကုန်သွယ်မှုလိုငွေ နှစ်စဉ်ကျဆင်းလာနေခြင်းကြောင့် ဟုဆို
Published 6 September 2018

နယ်စပ်ကုန်သွယ်မှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးအတွက် ထိုင်းကုန်ကားများ မြဝတီချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပ ပို့ကုန်/သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံ ကုန်သွယ်နိုင်ရန် ရည်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၅၀၀ သာ ဖြစ်ပေါ်စေရန် ရည်မှန်းဆောင်ရွက်မည်ဟု မျှော်မှန်းထားမှုမှာ ကုန်သွယ်မှုလိုငွေ နှစ်စဉ်ကျဆင်းနေ၍ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံခန့်မှန်းခဲ့ပြီး အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၀၀၀ သန်းဟု ခန့်မှန်းထားပြီး ကုန်သွယ်မှု လိုငွေဒေါ်လာ တစ်ဘီလျံရှိမည်ဟု ခန့်မှန်းခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းရာတွင်မူ ဒေါ်လာ သန်း ၅၀၀ အထိ လျှော့ချခန့်မှန်းလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ကုန်သွယ်မှုလိုငွေများအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁,၁၃၇ သန်းနှင့် သွင်းကုန် ဒေါ်လာ ၁၆,၅၇၈ သန်း တင်သွင်းခဲ့ပြီး ဒေါ်လာ ၅,၄၄၁ သန်း ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် NLD အစိုးရ လက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ပို့ကုန်ဒေါ်လာ ၁၁,၉၉၉ သန်းနှင့် သွင်းကုန် ဒေါ်လာ ၁၇,၂၁၁ သန်း တင်သွင်းခဲ့ပြီး ဒေါ်လာ ၅,၂၁၂ သန်းသို့ ကုန်သွယ်မှုလိုငွေ လျော့ကျခဲ့သည်။ ထို့ပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ ပို့ကုန် ဒေါ်လာ ၁၄,၈၅၁ သန်းနှင့် သွင်းကုန် ဒေါ်လာ ၁၈,၆၈၇ သန်း တင်သွင်းခဲ့ပြီး ဒေါ်လာ ၃,၈၃၆ သန်းသို့ ကုန်သွယ်မှုလိုငွေ လျော့ကျခဲ့သည်။

“ပို့ကုန်ထက် သွင်းကုန်က တန်ဖိုးအားဖြင့် များနေတာရှိလို့ Trade Deficit ရှိတယ်ဆိုတာ တော်တော်များများလည်း သိသလို လုပ်ငန်းရှင်တွေကလည်း ထောက်ပြထားတာ ရှိပါတယ်။ ပို့ကုန်နဲ့ပတ်သက်ပြီး ပို့ကုန်တိုးမြှင့်ရောင်းနိုင်ရင် Trade Deficit လျော့သွားပြီး အလားအလာ ကောင်းမွန်လာမှာပါ။ ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်က ထွက်သမျှ ပစ္စည်းတိုင်းဟာ ရောင်းကုန်တာ များပါတယ်။ နောက်ပိုင်းအခြေအနေမှာ ကုန်သည်များနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရရဲ့ အားထုတ်မှုတွေကြောင့် ပို့ကုန်ဈေးကွက်တိုးမြင့်လာပြီး ထွက်သမျှပစ္စည်း မကျန်လောက်အောင်ကို ရောင်းလို့ရတဲ့ သဘောတရားရှိပါတယ်” ဟု စီးပွားနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် ပို့ကုန်သုံးဆမြှင့်တင်ရန် ကြိုးပမ်းမည်ဟု ကြွေးကြော်ထားသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ကုန်တင်ပို့မှု အနည်းငယ်နှင့် ကုန်သွယ်မှု လိုငွေအနည်းငယ်သာ လျော့ကျရန် ဆောင်ရွက်ထားနိုင်ပြီး ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံသာရှိရန် ရည်မှန်းခဲ့သော်လည်း အမှန်တကယ်တွင်မူ ပို့ကုန်ဒေါ်လာ ၁၄၆၇၅ ဒသမ ၂ သန်းနှင့် သွင်းကုန်ဒေါ်လာ ၁၈၆၄၈ ဒသမ ၆ သန်း ရှိသည့်အတွက် လိုငွေပမာဏမှာ ဒေါ်လာ ၃ ဒသမ ၈၃ သန်းကျော် ဖြစ်ပေါ်ခဲ့သည်။

လက်ရှိ ၂၀၁၈ ဘဏ္ဍာနှစ်တို ခြောက်လတွင်လည်း ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၇၀၀ ရရှိရန် ခန့်မှန်းထားပြီး လိုငွေကို ကုန်သွယ်မှုလိုငွေကို ဒေါ်လာ သန်း ၂၉၀ သာ ဖြစ်ပေါ်မည်ဟု လျှော့ချခန့်မှန်းထားသော်လည်း ၂၀၁၈ သြဂုတ်လ ၃ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ ပို့ကုန်ဒေါ်လာ ၅၆၉၃ သန်းနှင့် သွင်းကုန်ဒေါ်လာ ၆၆၄၇ သန်းကျော်အထိ ရှိနေခဲ့ပြီး လိုငွေဒေါ်လာ ၉၅၄ သန်း ဖြစ်ပေါ်နေသည်။

Most Read

Most Recent