ပြည်နယ်နှင့်ပြည်မ ဖွံ့ဖြိုးမှုသည် အလှမ်းကွာဝေးနေသည့်အတွက် ရေများရာ မိုးထပ်ရွာသည့် ဘဏ္ဍာရေးကွက်ကြားမိုးကို ရပ်စဲသင့်ပြီဖြစ်ကြောင်း ANP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပြည်နယ်နှင့်ပြည်မ ဖွံ့ဖြိုးမှုသည် အလှမ်းကွာဝေးနေသည့်အတွက် ရေများရာ မိုးထပ်ရွာသည့် ဘဏ္ဍာရေးကွက်ကြားမိုးကို ရပ်စဲသင့်ပြီဖြစ်ကြောင်း ANP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 5 September 2018

ပြည်ထောင်စု၏ ဘဏ္ဍာငွေသုံးစွဲမှုသည် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ သုံးစွဲမှုထက် အဆများစွာကွာဟနေ၍ ပြည်နယ်နှင့်ပြည်မ ဖွံ့ဖြိုးမှုသည်အလှမ်းကွာဝေးနေသည့် အတွက်ရေများရာ မိုးထပ်ရွာသည့် ဘဏ္ဍာရေးကွက်ကြားမိုးကို ရပ်စဲသင့်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် (ANP) မှ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆွေးနွေးသည်။

နေပြည်တော်၌ စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ရဲ့ဒီလိုမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေထဲမှာ ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ တိုင်းဒေသကြီးအချို့မှာသာ ဘဏ္ဍာငွေ အမြောက်အမြားကုန်ကျမယ့် စီမံကိန်းလုပ်ငန်းကြီးတွေကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ရင်းနှီးမြှုပ်နှံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုနှစ် ပြည်ထောင်စုရဲ့ သုံးစွဲငွေဟာ ကျပ် ၂၄၉၅၄ ဘီလျံကျော်ရှိပြီး တိုင်းဒေသကြီး / ပြည်နယ်တွေကို ထောက်ပံ့ငွေ၊ ချေးငွေဟာ ကျပ် ၂၁၆၀ ဘီလျံကျော်ပဲရှိလို့ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၈ ဒသမ ၆၅ ရာခိုင်နှုန်းခန့်သာရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်လည်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြည်နယ်နဲ့ ပြည်မဖွံ့ဖြိုးတိုးတက်မှုဟာ တစ်စတစ်စ အလှမ်းပိုကွာဝေးလာတာကို တွေ့ရပါတယ်။ ဒေသတစ်ခုနဲ့တစ်ခု ဆင်းရဲချမ်းသာကွာဟမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ရေများရာမှာ မိုးထပ်ရွာတဲ့ ဘဏ္ဍာရေး ကွက်ကြားမိုးတွေကို ရပ်စဲသင့်ပါပြီ” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဦးဖေသန်းက ဆွေးနွေးသည်။

ပြည်ထောင်စုမှ ယင်းကဲ့သို့ ထောက်ပံ့နေရခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၅ အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ကောက်ခံခွင့်ရသည့် အခွန်အခများသည် အလွန်နည်းပြီး ပြည်ထောင်စုမှ ကောက်ခံပိုင်ခွင့်ရှိသည့် အခွန်အခများမှာ ကြီးမားကျယ်ပြန့်ခြင်းကြောင့် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အခွန်ကောက်ခံပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကန့်သတ်ထားသော်လည်း ထောက်ပံ့ငွေကို တိုးမပေးရန် ကန့်သတ်ထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။

ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘတ်ဂျက်ခွဲဝေမှု မညီမျှဘဲ တစ်ဖက်စောင်းနင်းဖြစ်နေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗဟိုချုပ်ကိုင်မှုများလွန်းခြင်းကြောင့်ဟု ယူဆကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ နယ်စပ်၊ လယ် / ဆည် စသည့်ဝန်ကြီးဌာနများသည် သိန်းတစ်ရာအောက် လုပ်ငန်းအသေးအမွှားကအစ ဘတ်ဂျက်တွင်ထည့်သွင်းတောင်းခံသည်ကို တွေ့ရကြောင်း၊ ဘတ်ဂျက်နည်းပါးသည့် တိုင်းဒေသကြီး /  ပြည်နယ်များအနေဖြင့် ဘီလျံနှင့်ချီကုန်မည့် အဝေးပြေးလမ်းမကြီးများ၊ တံတားကြီးများ၊ မဟာဓာတ်အားလိုင်း စသည့် လုပ်ငန်းကြီးများတွင် ကျခံသုံးစွဲနေရကြောင်း၊ ထို့အတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး / ပြည်နယ်များအကြား ဘဏ္ဍာငွေစီမံခန့်ခွဲမှုအလွဲများ၊ အားနည်းချက်များဟုမြင်ကြောင်း ဦးဖေသန်းက ဆွေးနွေးသည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေဟာ ပြည်မဒေသမှာပဲ စီမံကိန်းကြီးအများစုကို ရင်းနှီးမြှုပ်နှံကြပါတယ်။  ထီအသုံး အနှုန်းနဲ့ ပြောရမယ်ဆိုရင် အထူးဆုကြီးတွေကို ပြည်မကပဲပေါက်တာများပြီး ပြည်နယ်တွေ အနေနဲ့ကတော့ ဝေေ၀ဆာဆာ ပဒေသာဆုလေးတွေနဲ့ပဲ ကျေနပ်ခဲ့တာကြာပါပြီ။ ဒါကြောင့် စီမံကိန်းတွေကို ရေးဆွဲတဲ့အခါမှာ မတိုးတက်မဖွံ့ဖြိုးတဲ့ ဒေသတွေမှာနေတဲ့ တိုင်းရင်းသားတွေအနေနဲ့ ငါတို့ကို ဥပေက္ခာပြုထားပါလားဆိုတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုနိုင်ပါဘူး။ ဘတ်ဂျက်ခွဲဝေရာမှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ဒေသတွေကို ပိုပြီးရင်းနှီးမြှုပ်နှံနိုင်မှသာ ဝန်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ မူဝါဒရည်မှန်းချက်တွေဆိုတာ စာအုပ်ပေါ်မှာ တစ်မျိုး၊ မြေပြင်မှာတစ်မျိုး မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်သည် နေပြည်တော်ကောင်စီနယ်မြေထက် လူဦးရေအားဖြင့် ငါးဆများပြီး ဧရိယာအားဖြင့် ၂၂ ဆ ပိုမိုကျယ်ဝန်းကြောင်း၊ ရှမ်းပြည်နယ်အတွက် ထောက်ပံ့ငွေသည် ကျပ် ၂၂၄ ဘီလျံသာရှိပြီး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်ခုပေါင်း အသုံးစရိတ် တောင်းခံငွေသည် ကျပ် ၁၄၀ ဘီလျံကျော်ရှိသည်ကို တွေ့ရကြောင်း၊ ဝန်ကြီးဌာနများ၏ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများ များစွာရှိနေကြောင်း၊ ယင်းအချက်များသည် မူဝါဒများနှင့်မကိုက်ညီသည်ကို လွယ်လင့်တကူ မြင်နိုင်ကြောင်း ဦးဖေသန်းက ဆွေးနွေးသည်။

 

Most Read

Most Recent