ရာထူးမှ ထုတ်ပယ်ခံရသည့် ဒေါ်ငြိမ်းကျေးရွာ အထက်တန်း ကျောင်းအုပ်ဆရာကြီးက ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်ပြထားမှုအပေါ် ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် သတင်းစာရှင်းလင်း

ရာထူးမှ ထုတ်ပယ်ခံရသည့် ဒေါ်ငြိမ်းကျေးရွာ အထက်တန်း ကျောင်းအုပ်ဆရာကြီးက ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်ပြထားမှုအပေါ် ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် သတင်းစာရှင်းလင်း
Published 5 September 2018

ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးကြည်သင်းအား ကျောင်းသားများထံမှ အလှူငွေ ကောက်ခံသည် ဟုဆိုကာ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်သွင်းထားခြင်းကို ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသည့်အပေါ် စက်တင်ဘာ ၄ ရက်က ပုသိမ်မြို့တွင် သတင်းစာရှင်းလင်းခဲ့ပြီး ရာထူးမှထုတ်ပယ်မှုနှင့် ပတ်သက်၍ တရားလွှတ်တော်သို့ အယူခံလွှာ တင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒေါ်ငြိမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးကြည်သင်းအား ဧပြီ ၁၈ ရက် နေ့စွဲပါ အမိန့်စာဖြင့် ဆရာကြီး ဦးကြည်သင်းမှာ တိုင်ကြားချက်များအရ အုတ်တံတိုင်း ဆောက်လုပ်ရန်အတွက် အတန်းအသီးသီးမှ အလှူခံခဲ့ခြင်း၊ ရှပ်တာလမ်း (ကျောင်း အဝင်လမ်းမ) ကွန်ကရစ် ခင်းရန်အတွက် ကျောင်းသားမိဘများထံမှ အလှူခံခဲ့ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူရန်အတွက် အတန်းအသီးသီးမှ သင်္ကန်း ၈၃ စုံနှင့် ကျပ် ၈၉၃၅၅၀ အလှူခံခြင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာအတွက် ကျပ် ၂၀၀၀ ကောက်ခံခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အခန်း ၁၅ နည်းဥပဒေ ၁၆၂ နည်းဥပဒေခွဲ (ဃ)အရ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့်အတွက် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအမိန့်စာတွင် ပါဝင်သည့် စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိဘဲ တိုင်းဒေသကြီး ပညာရေးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးခဲ့စဉ်ကလည်း အဖြစ်မှန် ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ ယခုစွပ်စွဲထားသည့် စွပ်စွဲချက် လေးချက်တွင် အုတ်တံတိုင်း ဆောက်လုပ်ရန်အတွက် အတန်းအသီးသီးမှ အလှူခံခဲ့ခြင်းမှာ မဟုတ်မှန်ဘဲ ကျောင်းအကျိုးတော်ဆောင်နှင့် ဆရာ ဆရာမများက စုပေါင်းလှူဒါန်း ခဲ့ခြင်းသာဖြစ်ပြီး ကျောင်းသူ ကျောင်းသား အချို့က အလှူငွေ ထည့်ဝင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ရှပ်တာကွန်ကရစ်လမ်း ခင်းခြင်းမှာလည်း ကျောင်းသား ကျောင်းသူများ သွားလာရေး ခက်ခဲမှုကို မိဘများက ကျောင်းအကျိုးတော်ဆောင်နှင့် ပူးပေါင်းလှူဒါန်း ခဲ့ခြင်းသာဖြစ်ကြောင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းမှာလည်း ပညာရေး ဝန်ကြီးဌာန၏ ကျောင်းပြက္ခဒိန်အရ ကျောင်းသား ကျောင်းသူပေါင်း ၁၇၀၀ ကျော်က စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲသာဖြစ်ပြီး အလှူငွေအား မထည့်မနေရ ကောက်ခံခဲ့ခြင်း၊ အလှူငွေ ထည့်ဝင်စေရန် ခိုင်းစေခဲ့ခြင်း မရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာအတွက် ကျပ် ၂၀၀၀ ကောက်ခံခြင်းမှာလည်း ၎င်း၏ညွှန်ကြားချက် မဟုတ်ဘဲ ၎င်းသင်တန်း တက်ရောက်နေစဉ် တက္ကသိုလ်ဝင် စာမေးပွဲ လျှောက်လွှာများ တင်ရန်အတွက် ရန်ကုန်မြို့သို့ အကြိမ်ကြိမ် သွားရောက်ရသည့် ကုန်ကျစရိတ်များ အတွက် ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းရှိ ဆရာဆရာမများ တိုင်ပင်ကာ ကောက်ခံခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယင်းစွပ်စွဲချက်များအတွက် တိုင်တန်းမှုများ ရှိခဲ့ပြီးနောက် တိုင်းပညာရေးဌာနက ဌာနတွင်း လာရောက် စစ်ဆေးစဉ်ကလည်း အပြစ်မရှိဟု ဆုံးဖြတ်ခဲ့ပြီးမှ ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းမှာ မတရားသောကြောင့် ပြန်လည်စိစစ်ပေးရန် ဆရာကြီး ဦးကြည်သင်းက ပညာရေးဝန်ကြီးထံ အယူခံလွှာ တင်သွင်းခဲ့သော်လည်း မည်သည့် အကြောင်းပြန်ကြားခြင်း မရှိသောကြောင့် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“၅ လပိုင်း ၁၄ ရက်မှာ စာတင်ခဲ့တယ်။ အခုထိ ဘာမှမထူးလို့ အခုကျွန်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဆီကို စာတင်လိုက်တာက ၇ လပိုင်း ၃၀ ရက်နေ့။ ကျွန်တော့်စာ ရောက်တယ်ဆိုတာ ကျွန်တော်သိတယ်။ မေးကြည့်တော့ စာရောက်ပါပြီတဲ့။ နောက်တစ်ခါ သူကနေတစ်ဆင့် ပညာရေးဝန်ကြီးကို စာနဲ့လှမ်းပြီးတော့ မေးလိုက်ပါပြီတဲ့။ ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့တာ။ ဒါပေမဲ့ အခုချိန်အထိ ကျွန်တော့်ဆီကို အကြောင်းပြန်ခြင်း မရှိဘူး။ အယူခံကို လက်မခံဘူး ဆိုရင်လည်း တရားလွှတ်တော်ချုပ်ကို ကျွန်တော်သွားမှာ” ဟု ဆရာကြီး ဦးကြည်သင်းက ပြောကြားသည်။

ဆရာကြီး ဦးကြည်သင်းအား ရာထူးမှထုတ်ပယ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အခြေခံပညာ ပညာရေးဝန်ထမ်း ၄၀၀၀ ကျော်က ယခုလို ရာထူးမှ ထုတ်ပယ်ခြင်းမှာ တရားမျှတမှု မရှိကြောင်း လက်မှတ်ရေးထိုးပြီး ပညာရေးဝန်ကြီးထံ တောင်းဆိုမှုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent