ပုဂံဒေသတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည် ဆိုပါက ဥပဒေအရ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းမှ သိရ

ပုဂံဒေသတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည် ဆိုပါက ဥပဒေအရ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းမှ သိရ
Published 5 September 2018

ဇူလိုင်အတွင်းက ပုဂံဒေသသို့ လာရောက် လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုနော်)

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်ဝင်ရန် စိန်ခေါ်မှုရှိနေပြီး ပုဂံဒေသတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည် ဆိုပါက ဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

“ပုဂံမှာက အခုလက်ရှိ ယူနက်စကိုရဲ့ စီမံခန့်ခွဲမှု Guideline နဲ့ မညီတဲ့ စီမံကိန်းတွေရှိတယ်။ အဲဒီစီမံကိန်းတွေကို ပညာရှင်တွေက မြင်မသွားဘူး ဆိုရင်တော့ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့က ဖြစ်နိုင်တယ်။ သူတို့မြင်သွားပြီ ဆိုရင်တော့ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့က စိန်ခေါ်မှုတစ်ရပ် တစ်ရပ်ပေါ့။ အဲဒီတော့ ကမ္ဘာ့အမွေအနှစ် ဝင်ဖို့က ပညာရှင်အပေါ် မူတည်တယ်။ ဒီကြားထဲ ယူနက်စကိုရဲ့ စီမံခန့်ခွဲမှု Guideline နဲ့ မညီတဲ့ဟာတွေကို ကုစားလိုက်မယ် ဆိုရင်တော့ အဆင်ပြေမယ်” ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းမှ အတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အဆိုပြုလွှာ တင်သွင်းပြီးနောက် ယခုလတွင် ယူနက်စကို၏ ICOMOS မှ လာရောက်စစ်ဆေးမည့်အချိန် ဖြစ်သောကြောင့် ယခုအချိန်သည် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် အထူးဂရုပြုရမည့် အချိန်ဖြစ်ပြီး ထိုကဲ့သို့ အရေးကြီးသည့် အချိန်တွင် ပုဂံဒေသ စီမံခန့်ခွဲရေးကော်မတီ၏ စီမံခန့်ခွဲမှု အမှားများကို ပြန်လည်ပြင်ဆင်ရန် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းက တိုက်တွန်းထားသည်။

ပုဂံဒေသ စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် စီမံခန့်ခွဲမှု အမှားများကို ပြန်လည်ပြင်ဆင်ခြင်း မရှိပါက ဥပဒေအရ တိုင်ကြားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

အာနန္ဒာဘုရားရှေ့ ကွန်ကရစ်လမ်းခင်းခြင်း၊ ဓမ္မရံကြီးနှင့် အခြားဘုရားဝင်းများအတွင်း ပန်းခြံများ ဆောက်လုပ်ခြင်း၊ ပုဂံဒေသရှိ လူလုပ်ကုန်းများသည် ရှေးဟောင်းနေရာမြင်ကွင်းကို ပျက်စီးစေနိုင်သည့်အပြင် ပုဂံဒေသ၏ သဘာဝပတ်ဝန်းကျင်ကိုပါ ပျက်စီးစေနိုင်သောကြောင့် ၎င်းတို့အသင်းမှ ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ရာ ရပ်တန့်ခဲ့သော်လည်း ရပ်တန့်ကြောင်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိခြင်း၊ လူလုပ်ကုန်းများကို ဖျက်သိမ်းခြင်း မရှိသလို မင်းနန်သူရွာ အနီးရှိ လူလုပ်ကုန်းအား အုတ်ရိုးဖြင့် ကာရံခြင်း လုပ်ငန်းများ လုပ်ဆောင်နေခြင်း စသည့် စီမံခန့်ခွဲမှုဆိုင်ရာ ချွတ်ယွင်းမှုများ အတွက်လည်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းက မေးခွန်းထုတ်ထားသည်။

ပုဂံဒေသအား ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တင်သွင်းခဲ့သော်လည်း ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်သည့် ဥပဒေ မရှိသောကြောင့် စာရင်းမှ ပယ်ချခံခဲ့ရသည်။

ယင်းနောက် ဒုတိယအကြိမ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တင်သွင်းထားခြင်းဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပါက ထိုဒေသသည် စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပြီး ထိုဒေသအတွက် နိုင်ငံတကာမှ အထောက်အပံ့များ ရရှိမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျူ (၃) မြို့သာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ထားသေးကြောင်း သိရသည်။

 

Most Read

Most Recent