မိုးတွင်းကာလ ငရုတ်သီးမှုန့်များတွင် မှိုပေါက်ပွားနှုန်း များနိုင်ခြင်းကြောင့် ငရုတ်သီးမှုန့် အမျိုးမျိုးကို FDA က ဓာတ်ခွဲစစ်ဆေးနေပြီး မှိုပါဝင်သည့် ပစ္စည်းများ ဈေးကွက်မှ ပြန်သိမ်းမည်

မိုးတွင်းကာလ ငရုတ်သီးမှုန့်များတွင် မှိုပေါက်ပွားနှုန်း များနိုင်ခြင်းကြောင့် ငရုတ်သီးမှုန့် အမျိုးမျိုးကို FDA က ဓာတ်ခွဲစစ်ဆေးနေပြီး မှိုပါဝင်သည့် ပစ္စည်းများ ဈေးကွက်မှ ပြန်သိမ်းမည်
Published 5 September 2018

သြဂုတ် ၂၁ ရက်က ညောင်ပင်လေးဈေးရှိ ငရုတ်သီးမှုန့် လက်လီလက်ကား အရောင်းဆိုင်များအား FDA က ရှောင်တခင် စစ်ဆေးနေစဉ်

မိုးတွင်းကာလ ဖြစ်သောကြောင့် ငရုတ်သီးမှုန့်များတွင် အသည်းကို ထိခိုက်စေနိုင်သော Aflatoxins မှိုပေါက်ပွားနှုန်း များပြားနိုင်ခြင်းကြောင့် ဈေးကွက်ရှိ ငရုတ်သီးမှုန့် အမျိုးမျိုးကို FDA က နမူနာယူ ဓာတ်ခွဲစစ်ဆေးနေပြီး မှိုပါဝင်သည့် ပစ္စည်းများကို ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။

“ငရုတ်သီးမှုန့်တွေကို ပြန်စစ်ရတာက အခုကာလက မိုးတွင်းဖြစ်တယ်။ မှိုပေါက်နှုန်းတွေကလည်း တက်လာပြီ။ နောက် ပြည်သူတွေကြားမှာ အထိတ်တလန့် ရှိနေတာက ငရုတ်သီးမှုန့်တွေမှာ အရောင်ဆိုးတယ်ဆိုပြီး ပြောနေကြတယ်။ ဒါကြောင့် စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခု ရန်ကုန်မှာ ကောက်လို့ရသမျှ အထိတော့ ငရုတ်သီးမှုန့်တွေမှာ အရောင်ဆိုးထားတာတွေ မတွေ့သေးဘူး။ အခုလက်ကား ဈေးကြီးတွေဖြစ်တဲ့ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး၊ ဘုရင့်နောင် ကုန်စည်ဒိုင်တွေမှာတော့ စစ်ပြီးပြီ။ အရောင်ဆိုးဆေးတော့ မတွေ့သေးဘူး။ ပုံမှန်ဈေးတွေမှာ ဝင်စစ်တဲ့ အခါမှာလည်း ဆိုးဆေးမတွေ့ဘူး။ မှိုကတော့ တွေ့တဲ့နေရာတွေ တွေ့နေတဲ့အတွက် သြဂုတ်လထဲမှာ ဒါကို အာရုံစိုက်ပြီး လုပ်လိုက်တာပေါ့။ မှိုကတော့ တွေ့နေတုန်းပဲ။ အထူးသဖြင့် မိုးတွင်းမို့လို့ မှိုပေါက်တာက ပြဿနာ ရှိနေတယ်။ လက်ရှိ နမူနာယူထားတဲ့ ပစ္စည်းအားလုံး အဖြေမရသေးဘူး။ ဓာတ်ခွဲစစ်ဆေးနေတုန်းပါ။ စစ်ဆေးလို့ မှိုတွေ့တဲ့ ငရုတ်သီးမှုန့်တွေဆိုရင် ဈေးကွက်က ပြန်လည်ရုပ်သိမ်းရမှာပါ။ အကယ်၍ တံဆိပ်နဲ့ ထုတ်တယ်ဆိုရင် လုပ်ငန်းရှင်တွေကို ခေါ်သတိပေးရမယ်။ ကိုယ်တိုင်ကြိတ် ရောင်းတယ်ဆိုရင် ကြိတ်တဲ့သူကိုပြောပြီး ဈေးကွက်မဖြန့်ဖို့ အသိပေးရမှာပါ” ဟု ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက ပြောကြားသည်။

ဈေးကွက်အတွင်း လက်လီလက်ကား ရောင်းချနေသည့် ငရုတ်သီးမှုန့် အမျိုးမျိုးတွင် ခွင့်မပြု ဓာတုဆိုးဆေးများ၊ အသည်းကို ထိခိုက်စေနိုင်သော Aflatoxins ပါဝင်မှု ရှိ မရှိနှင့် အရောအနှောပါဝင်မှု ရှိ မရှိ  ဓာတ်ခွဲစစ်ဆေးရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ရှောင်တခင် ကွင်းဆင်းစစ်ဆေးကာ နမူနာ ရယူလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက တစ်နိုင်ငံအနေဖြင့် ဈေးကွက်နမူနာ ရယူစစ်ဆေးခဲ့သော ငရုတ်သီးမှုန့်များအနက် Aflatoxins B1 မှိုဆိပ်များကို ငရုတ်သီး အစိမ်းမှုန့်များတွင် အများဆုံး ပါဝင်နေကြောင်း FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ မွန်၊ ပဲခူး၊ ရှမ်း၊ ဧရာဝတီ၊ ရခိုင်၊ ကရင်စသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဈေးကွက်နမူနာ ရယူခဲ့သော ငရုတ်သီးမှုန့်နမူနာ ၁၂၆၄ ခုကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) ရှိ အစားအသောက် အဏုဇီ၀ ဓာတ်ခွဲခန်းတွင် ELISA နည်းဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ငရုတ်သီးမှုန့် အမျိုးအစားများအနက် မှိုဆိပ်ပါဝင်မှုနှုန်းများမှာ ငရုတ်သီးအစိမ်းမှုန့်တွင် ၄၆ ဒသမ ၃ ရာခိုင်နှုန်း၊ ငရုတ်သီး အလှော်မှုန့်များတွင် ၂၂ ဒသမ ၈ ရာခိုင်နှုန်း၊ ငရုတ်သီး အကြမ်းမှုန့်များတွင် ၂၈ ဒသမ ၁ ရာခိုင်နှုန်း၊ ငရုတ်ခြောက်တောင့်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် ငရုတ်သီးအနှစ်များတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်းနှင့် ၎င်းတို့တွင် ငရုတ်သီးအစိမ်းမှုန့်၌ Aflatoxins B1 ပါဝင်မှု အများဆုံး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအချိန်က ဈေးကွက်၌ ရောင်းချနေသည့် ငရုတ်သီးမှုန့်များ၏ ရာခိုင်နှုန်း ၆၀ ၌ အသည်းကင်ဆာ ဖြစ်စေသော Aflatoxins မှို အဆိပ်များ ပါဝင်နေခြင်းကြောင့် ယင်းကုန်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့သည်။

 

Most Read

Most Recent