မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းပြီး တိုယိုတာကားကုမ္ပဏီ၌ အသုံးပြုမည့် အထည်အလိပ်များ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်တွင် ထုတ်လုပ်မည်

မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းပြီး တိုယိုတာကားကုမ္ပဏီ၌ အသုံးပြုမည့် အထည်အလိပ်များ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်တွင် ထုတ်လုပ်မည်
Published 5 September 2018

Japan Business Management Methodology Training ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်

မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းပြီး တိုယိုတာကား ကုမ္ပဏီ၌အသုံးပြုမည့် အထည်အလိပ်များကို အမှတ် (၁) အထည်စက်ရုံရွှေတောင်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်တွင် Tsuyatomo Co.,Ltd နှင့် Japan International Cooperation Agency (JICA) ပူးပေါင်း၍ ဆေးဆိုးခြင်း၊ အချောကိုင် နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို JICA ၏ အကူအညီဖြင့် ဆောင်ရွက်မည့် Japan Business Management Methodology Training  ဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းဦး ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ ဂျပန်က ထုတ်မယ်ဆိုတဲ့ဟာ ဂျပန်ထုတ်ကုန်က အဓိကကတော့ ဂျပန်ပြန် ပို့မယ်။ အခုလက်ရှိသူတို့ ထုတ်မယ့်ဟာက အဓိကက တိုယိုတာကုမ္ပဏီမှာ သုံးတဲ့ကား ကူရှင်မှာချုပ်တဲ့ အစတွေ၊ နောက်တစ်ခုက ကျွန်တော်တို့ ကြမ်းခင်းခင်းတဲ့ဟာတွေ၊ ဘာတွေ။ အဓိကက သူတို့ရဲ့ အခုလက်ရှိ မိတ်ကတော့ တိုယိုတာ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကနေလုပ်တဲ့ဟာတွေ အကုန်လုံးကတော့ သူတို့က တိုယိုတာ ကုမ္ပဏီပြန်ပို့မယ်။ တိုယိုတာ ကုမ္ပဏီဆိုတာတော့ ဂျပန်မှာလည်းရှိတယ်။ အခြားမှာလည်း ကုမ္ပဏီတွေရှိပါတယ်။ သူတို့ကတော့ တိုယိုတာကုမ္ပဏီနဲ့ မိတ်ဖက်လုပ်ထားပေါ့။ ဒီအပြင်ကို ဒီကတောင်းဆိုတဲ့ Demand အရ သူတို့နည်းပညာနဲ့ ကျွန်တော်တို့က အများကြီး အကုန်လုံး လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ Demand ရလာပြီဆိုတာနဲ့ သူတို့စက်တွေက တဖြည်းဖြည်း ထပ်ပြီးတိုးချဲ့ပြီးတော့မှ အဆောက်အအုံတွေ၊ စက်တွေ ဒါတွေကို တိုးချဲ့ရင်းနှီးမြှုပ်နှံသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပြောကြားသည်။

ဆက်လက်၍ “အခုလက်ရှိက ကျွန်တော်တို့ ဒီစီမံကိန်းလေးက အစပါ။ ရွှေတောင်မှာ ကျွန်တော်တို့က မြေနေရာတွေက အများကြီး ရှိပါတယ်။ ဒီစီကိန်းက Tsuyatomo နဲ့ ကျွန်တော်တို့ စီမံကိန်းစပြီးတော့ ဖြစ်သွားပြီဆိုလို့ ရှိရင်ဂျပန်ကလည်း လိုက်လာမယ့်အဖွဲ့တွေက ကျွန်တော်တို့လည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့လည်း သွားပြီးတော့မှ သူတို့ရဲ့ အိမ်ခြံမြေယာမြို့မှာ သွားပြီးဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတော့မှ ဒီဟာက သူတို့ SME အဖွဲ့တွေရော၊ အထည်အလိပ် လုပ်ငန်းရှင်တွေရော အကုန်လုံးက သူတို့အောင် မြင်ပြီဆိုတာနဲ့ ဆက်ပြီးလာဖို့ ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ အလားအလာအများကြီး ကောင်းသွားမှာပါ။ သူတို့လုပ်ငန်းအောင်မြင်သွားပြီ။ အခြေအနေက ကျွန်တော်တို့ မြန်မာပြည်အတွက်ကလည်း သူတို့မှာ ရင်းနှီးမြှုပ်နှံမှုဟာကလည်း ဒီဘက်မှာ အားပေးတယ်ဆိုရင် ဟိုဘက်က လာဖို့အများကြီးရှိပါတယ်။ ဒီဟာတင်မကဘူး။ အထည်အလိပ်လုပ်ငန်း တိုးတက်ဖို့အတွက် ကိုရီးယားလည်း ရှိပါတယ်။ နောက်တရုတ်လည်း ရှိပါတယ်။ ဒီအဖွဲ့တွေနဲ့လည်း တခြားနိုင်ငံတွေမှာ ကျွန်တော်တို့ လက်ရှိဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးသိန်းဟန်က ပြောကြားသည်။

မြန်မာနိုင်၏ ပို့ကုန်လုပ်ငန်းတွင် CMP အထည်ချုပ်လုပ်ငန်း၏ ပို့ကုန်ဝင်ငွေသည် အများဆုံး ပမာဏအဖြစ် ရပ်တည်နေသော်လည်း လက်ခအနေဖြင့်သာ ရရှိခြင်းကြောင့် ဝင်ငွေနည်းပါးနေကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသည့်ပိတ်စများ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အထည်အလိပ်လုပ်ငန်းတွင် အသုံးပြုသည့် ပိတ်စများ ထုပ်လုပ်နိုင်မည်ဖြစ်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်မည်ဖြစ်ကြောင်း ဦးသိန်းဟန်က ဆိုသည်။

ပြည်တွင်းထုတ်ကုန်ပစ္စည်းများ တိုးတက်များပြားလာလျှင် ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ လျော့ကျနိုင်ခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာနိုင်ရန် လိုအပ်နေသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဟန်က ဆိုသည်။

 

Most Read

Most Recent