သတ္တမတန်းကျောင်းသူအား မိခင်ဖြစ်သူကိုယ်တိုင် ပထမအကြိမ် ကာမရောင်းစားရန် ကြိုးစားပြီးနောက် ဒုတိယအကြိမ်အဖြစ် အရွယ်မတိုင်ခင် ယောကျ်ားပေးစားသည့်အတွက် ဦးလေးဖြစ်သူက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ တိုင်တန်း

သတ္တမတန်းကျောင်းသူအား မိခင်ဖြစ်သူကိုယ်တိုင် ပထမအကြိမ် ကာမရောင်းစားရန် ကြိုးစားပြီးနောက် ဒုတိယအကြိမ်အဖြစ် အရွယ်မတိုင်ခင် ယောကျ်ားပေးစားသည့်အတွက် ဦးလေးဖြစ်သူက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ တိုင်တန်း
Published 5 September 2018

အသက် ၁၂ အရွယ် ခုနစ်တန်း ကျောင်းသူအား မိခင်ဖြစ်သူကိုယ်တိုင် ပထမအကြိမ် ကာမရောင်းစားရန် ကြိုးစားပြီးနောက် ဒုတိယအကြိမ်အဖြစ် အရွယ်မတိုင်ခင် ယောကျ်ားပေးစားသည့်အတွက် ဦးလေးဖြစ်သူက အဆိုပါ ကိစ္စအား အရေးယူပေးရန် မန္တလေးတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ တိုင်တန်းထားကြောင်း သိရသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ခုနစ်တန်းကျောင်းသူအား ၎င်း၏ ဖခင်ဖြစ်သူ ပြီးခဲ့သည့် ၁၁ လပိုင်းက ကွယ်လွန်ပြီးနောက် အမေအရင်းဖြစ်သူ ဒေါ်. . .က တစ်ရပ်ကွက် တည်းနေထိုင်သူထံ ကျပ်သိန်းလေးဆယ်ဖြင့် ကာမရောင်းစားရန် ကြိုးစားခဲ့သည့်အတွက် သမီးဖြစ်သူက ၎င်းတက်ရောက်နေသည့် ကျောင်း၏ ကျောင်းအုပ်ကြီးထံ တိုင်တန်းအကူအညီ တောင်းခံခဲ့သဖြင့် တိုင်းလူကုန် တားရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး ထိုအမှုအား တိုင်းလူကယ်ပြန်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ လူကယ်ပြန်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားစဉ်အတွင်း ကျူးလွန်သူ ဒေါ်. . .သည် လူကယ်ပြန်၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာမည် ဖြစ်ပါကြောင်း ကတိခံဝန်ပြုလုပ်၍ သမီးဖြစ်သူအား ပြန်လည်ခေါ်ယူ သွားခဲ့ကြောင်း၊ ထိုစည်းမျဉ်း စည်းကမ်းများတွင် သမီးဖြစ်သူ အသက်ပြည့်မှ ယောကျ်ားပေးစားမည်ဟူသော အချက်လည်း ပါဝင်သော်လည်း ယခုအခါ သမီးဖြစ်သူအား တစ်ရပ်ကွက်တည်းနေသူ တစ်ယောက်နှင့် ပေးစားထားသည့်အတွက် ယခုကဲ့သို့ တိုင်တန်းခြင်းဖြစ်ကြောင်း ကျုးလွန်ခံရသူ၏ ဦးလေးဖြစ်သူ ကိုရဲဇော်က ဆိုသည်။

“ကျွန်တော့်အစ်ကိုက မနှစ်က ဆယ့်တစ်လပိုင်းမှာ ဆုံးပါးသွားပါတယ်။ ဆုံးပြီး သိပ်မကြာဘူး။ နှစ်လပိုင်းကျ သူ့သမီးကို သိန်းလေးဆယ်နဲ့ ကာမရောင်းစားဖို့ကြံတော့ တိုင်ကြတောကြရင်း လူကယ်ပြန်က ဒေါ်ဇင်လင်းမောင်က တရားလိုပြုလုပ်ပြီး ဒီအမှုကို ကိုင်တွယ်နေပါတယ်။ အဲဒီအမှု တရားရုံးမှာ ရင်ဆိုင်နေတုန်း ဒေါ်ဇင်လင်းမောင်ကို နယ်ပြောင်းပစ်လိုက်ပါတယ်။ အဲဒီမှာ တရားလို မရှိတော့တဲ့ပုံစံ ဖြစ်သွားပြီး အမှုက ဒီတိုင်းပြီးသွားပါတယ်။ နောက် သူ့သမီးကို လူကယ်ပြန်က ချမှတ်တဲ့ စည်းမျဉ်းတွေ လိုက်နာပါမယ်ဆိုပြီး ပြန်ထုတ်သွားတယ်။ ထုတ်တုန်းက ကျွန်တော်တို့ပါတယ်။ အဲဒီစည်းကမ်းထဲမှာ ကလေးကို ကျောင်းဆုံးခန်းတိုင်အောင် ထားပေးမယ်။ အသက်နှစ်ဆယ် မပြည့်မချင်း ယောကျ်ားမပေးစားရဘူး ဆိုတာပါတယ်။ အခုကျ ကလေးက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ ယောကျ်ားပေးစား ပစ်လိုက်တယ်။ ဒါနဲ့ကျွန်တော်တို့က လူကယ်ပြန်ကို ထပ်တိုင်တော့ လူကယ်ပြန်က ဝန်ထမ်းတစ်ယောက်က အဲဒီအမှုက ပြီးသွားပြီ။ ဘာမှလုပ်လို့ မရတော့ဘူးလို့ ပြန်ပြောလွှတ်လိုက်တယ်။ အခု ကလေးကို ကျောင်းလည်း မလွှတ်တော့ဘူး။ ယောကျ်ားပေးစား ထားလိုက်တယ်။ ဒါတွေကြောင့် ကလေးကို အခုလို မတရား ကျူးလွန်နေတဲ့အပေါ် မခံနိုင်လို့ တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တိုင်ကြားလိုက်တာပါ” ဟု ကိုရဲဇော်က ပြောကြားသည်။

ကလေးငယ်အား ယခုနှစ် နှစ်လပိုင်းက ကျပ်သိန်းလေးဆယ်ဖြင့် ကာမရောင်းစားရန် မိခင်ဖြစ်သူက ကြံစည်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအား ပထမ လူကုန်တားအဖွဲ့မှ ကိုင်တွယ်ကာ လူကုန်တားမှတစ်ဆင့် လူကယ်ပြန်ဌာနသို့ ပြန်လည်လွဲှပြောင်း ပေးအပ်လိုက်ခြင်းဖြစ်ပြီး မိခင်ဖြစ်သူအား ပထမဦးစွာ တရားစွဲဆိုခဲ့သည်။ ထို့နောက် ခံဝန်ဖြင့် သမီးဖြစ်သူအား ပြန်လည်လွှဲပြောင်း ရယူပြီးနောက် ယခုကဲ့သို့ အရွယ်မတိုင်ခင် ယောကျ်ားပေးစား လိုက်သည့်အတွက် ကလေးငယ်၏ ဦးလေးဖြစ်သူက မကျေမနပ်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံတိုင်တန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent