<

တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် သင်္ဘောပေါ်တက်၍ လုယက်မှု ကျုးလွန်သူနှစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံး

လုယက်သူနှစ်ဦး သေနတ်ထိမှန်သေဆုံးနေပုံ(ဘယ်)၊ လုယက်သူနှစ်ဦး ကိုင်ဆောင်ခဲ့သည့် ဓားနှင့် သက်သေခံ ပစ္စည်းများ(ညာ)အား တွေ့ရစဉ်

တွံတေးတူးမြောင်းအတွင်း ရပ်တန့်ထားသည့် သင်္ဘောပေါ်သို့တက်ပြီး ပစ္စည်းများ လုယက်သူ နှစ်ဦးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် တွံတေးတူးမြောင်းအတွင်း ရပ်တန့်ထားသည့် ရေယာဉ်များပေါ်သို့ လူအချို့ကတက်ပြီး ပစ္စည်းများ လုယက်နေမှုများမှာ မကြာခဏ ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သတင်းရသဖြင့် စက်တင်ဘာ ၃ ရက်ညပိုင်းတွင် ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အဆိုပါ နေရာအနီးရှိ မြတ်ပုဝါကျောက် သင်္ဘောပေါ်၌ ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

ယင်းသို့ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် စက်တင်ဘာ ၃ ရက် ည ၁၂ နာရီခွဲခန့်တွင် မြတ်ပုဝါ ကျောက်သင်္ဘော အနီးသို့ လူသုံးဦး စီးလာသည့် စက်လှေတစ်စင်း ချဉ်းကပ်လာခဲ့ကြောင်း၊ ထို့နောက် အဆိုပါ သုံးဦးအနက် နှစ်ဦးမှာ ဓားရှည်များ ကိုင်ဆောင်ကာ သင်္ဘောပေါ်သို့ တက်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ဓားအောက်ချ၍ အဖမ်းခံရန် ပြောစဉ် ၎င်းတို့နှစ်ဦးမှာ ဓားမချဘဲ ဒုရဲအုပ် တစ်ဦးအား ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်းနှင့် ထိုသို့ ဓားဖြင့်ခုတ်သဖြင့် ဒုရဲအုပ်မှာ ၎င်းကိုင်ဆောင်ထားသည့် ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်ဖြင့် လည်းကောင်း၊ ရဲတပ်သား နှစ်ဦးက MA 13 သေနတ်ဖြင့် လည်းကောင်း ပစ်ခတ်ခဲ့ရာ ဓားရှည်ကိုင်ဆောင်ထားသူ နှစ်ဦးမှာ သေနတ်ထိမှန်၍ စက်လှေပေါ်သို့ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဓားရှည်ကိုင်ဆောင်ထားသူနှစ်ဦး စက်လှေပေါ်သို့ပြုတ်ကျသေဆုံးစဉ် စက်လှေပေါ်၌ ၎င်းတို့နှင့် အတူပါလာသူ တစ်ဦးမှာ ရေထဲသို့ခုန်ချ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ်မှာ ဓားခုတ်ခံရသဖြင့် နားထင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့ကာ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ခုန်ချထွက်ပြေးသွားသူအား ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် ရေယာဉ်များပေါ်သို့ လုယက်မှု ကျုးလွန်သူများအား ဆက်လက်စုံစမ်း ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

September 4, 2018














Copy Protected by Chetan's WP-Copyprotect.