<

အင်းရေ၀င်ရောက်မှု လျော့နည်းခြင်းနှင့် ဧည့်သည်စီးနင်းမှု နည်းပါးလာခြင်းကြောင့် ရတနာ့ဂူပွဲတော်သို့ အဝေးမှ လာရောက်သည့် သမ္ဗန်လှေများ လျော့နည်း

ရတနာ့ဂူဘုရား ငှက်လှေဆိပ်တွင် ငှက်လှေစီး၍ ပွဲလာသူများအား တွေ့ရစဉ်

ရတနာ့ဂူဘုရားပွဲ ကျင်းပချိန်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု လျော့နည်းခြင်းနှင့်အတူ အင်းအတွင်း ရေ၀င်ရောက်မှု လျော့နည်းခြင်းများ အပါအ၀င် ဧည့်သည်စီးနင်းမှု လျော့နည်းလာခြင်းကြောင့် ရတနာ့ဂူပွဲတော်သို့ အဝေးမှ လာရောက်သည့် ငှက်သမ္ဗန်လှေများ လျော့နည်းသွားကြောင်း ငှက်လှေ လာရောက် ပြေးဆွဲသူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ရတနာ့ဂူပွဲတော်သည် တောင်ပြုန်းပွဲတော်ကြီးအပြီး တစ်ပတ်အကြာ ၀ါခေါင်လပြည့်ကျော် ၈ ရက်(စက်တင်ဘာ ၃) ရက်မှ ၀ါခေါင်လကွယ်အထိ ခုနစ်ရက်တိုင်တိုင် ကျင်းပလေ့ရှိပြီး အဆိုပါပွဲတော် ကျင်းပချိန်တွင် တောင်သမန်အင်းရေ များသည့်ကာလ ဖြစ်သောကြောင့် ရွှေကြက်ယက်၊ ထုံးဘို၊ အာလောင်၊ ၀ါးချက်၊ မင်းကွန်း၊ ပယ်ငါးဆယ်၊ ခိုတောင်၊ ချောင်းပေါက်၊ အင်းဝ၊ လက်ဆောင်ယူ စသည့်ဒေသများနှင့် တောင်သမန်ဦးပိန်တံတားမှ ငှက်သမ္ဗန်များ၊ စစ်ကိုင်းသရက်ပင်ဆိပ်မှ ငှက်လှေလှော်ခတ် သူများသည် နှစ်စဉ်ပွဲတော်ရက်မတိုင်မီ ကြိုတင်ရောက်ရှိကာ ပွဲတော်ရက်အတွင်း၌ အထက်နန်း၊ အောက်နန်းနှင့် အလယ်နတ်နန်းများသို့ ရေလမ်းခရီးဖြင့် သွားရောက် လိုသူများအား အခကြေးငွေဖြင့် လှော်ခတ်ပို့ ဆောင်ပေးလေ့ရှိရာ ယခုနှစ်တွင် အင်းရေလျော့နည်းခြင်းနှင့် အခြားကုန်ကျစရိတ်များကြောင့် အဝေးနယ်များမှ လာရောက်လှော်ခတ်သည့် ငှက်သမ္ဗန်လှေအစင်းရေမှာ လျော့နည်းလာကြောင်း ဒေသခံ ငှက်လှေလှော်ခတ်သူများထံမှ သိရသည်။

“ဒီနှစ်အင်းရေကလည်း သိပ်မတက်ဘူး။ အရင်က ငှက်လှေအပိုင်ရှိတဲ့သူတွေက လာရောက် လှော်ခတ်ပြေးဆွဲ ကြပေမယ့် အခုနောက်ပိုင်းမှာ အဝေးက ငှက်လှေတွေ လာရောက်မှုက နည်းသွားပြီ။ ပွဲတော်အတွင်းမှာ ငှက်လှေငှားပြီး ခတ်တဲ့သူတွေလည်း ပွဲတစ်တွင်းလုံးစာ ရတာကို ငှက်လှေငှားခ ပေးရတာနဲ့ ငှက်ပြေးဆွဲဖို့ လေလံကြေးပေးရတာတွေ နုတ်လိုက်ရင် တစ်ရက်နေ့စားလောက်ပဲ ကျန်တဲ့အတွက် အရင်လိုငှားပြီး လုပ်တဲ့သူလည်း နည်းသွားတယ်။ အခုနောက်ပိုင်း ပွဲလာတဲ့ ဧည့်သည်တွေကလည်း ငှက်စီးတာ အရင်လို သိပ်မများတော့ဘူး” ဟု အမရပူရငှက် လှေဆိပ်မှ ငှက်ခတ်သမား တစ်ဦးဖြစ်သည့် ကိုဇင်မင်းထွန်းက ပြောကြားသည်။

“အခုနောက်ပိုင်း ကား၊ ဆိုင်ကယ်တွေ ပေါလာကြတော့ ပွဲတော်ကို ကုန်းလမ်းကပဲ အသွားများတော့တယ်။ ငှက်လှေစီးပြီး ပွဲတော်လှည့်တဲ့ဓလေ့ အရမ်းနည်းသွားပြီ။ အရင်တုန်းက ငှက်လှေသမား အများစုက ဒီပွဲကို အရမ်းအားထားခဲ့ရာတာ။ အခုနောက်ပိုင်း လုပ်ငန်းသိပ်မဖြစ်ကြတော့ တချို့ငှက်လှေသမားတွေကို လာလှော်ခတ်တာ မတွေ့ရတော့ဘူး” ဟု ရတနာ့ဂူအလယ်နန်းအနီး နေထိုင်သည့် ငှက်လှေလှော်ခတ်သူ တစ်ဦးကလည်း ပြောကြားသည်။

ငှက်လှေများအနေဖြင့် စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ အထက်နန်းနှင့် ရတနာဂူငှက်လှေဆိပ်မှ ရတနာ့ဂူဘုရား တည်ရှိသည့် အောက်နန်းအထိ ခရီးသည်များကို ပို့ဆောင်ပေးခြင်းဖြစ်ကာ စီးနင်းခ နှုန်းထားများအဖြစ် ခရီးသည် တစ်ဦးလျှင် ကျပ် ၅၀၀ နှုန်း ကောက်ခံကာ လှေပေါ်တွင်ပါသည့် ခရီးသည် နည်းသည့်အခါ တစ်ဦးတစ်ထောင် ကောက်ခံခြင်းများလည်း ရှိကြောင်း သိရသည်။

September 4, 2018














Copy Protected by Chetan's WP-Copyprotect.