ခွဲစိတ်ခန်းသုံးကိရိယာ ဝမ်းဗိုက်ထဲ ကျန်ခဲ့သဖြင့် ၂၆ နှစ်ကြာ ဝေဒနာ ခံစားခဲ့ရသည့်အတွက် ပေါ့ဆစွာ ခွဲစိတ်ခဲ့သည့် ဆရာဝန်အား အရေးယူပေးရန် တိုင်ကြားမှု တစ်လကျော်သည်အထိ စုံစမ်းစစ်ဆေးမှုမရှိသေး

ခွဲစိတ်ခန်းသုံးကိရိယာ ဝမ်းဗိုက်ထဲ ကျန်ခဲ့သဖြင့် ၂၆ နှစ်ကြာ ဝေဒနာ ခံစားခဲ့ရသည့်အတွက် ပေါ့ဆစွာ ခွဲစိတ်ခဲ့သည့် ဆရာဝန်အား အရေးယူပေးရန် တိုင်ကြားမှု တစ်လကျော်သည်အထိ စုံစမ်းစစ်ဆေးမှုမရှိသေး
Published 5 September 2018

ခွဲစိတ်ခန်းသုံးကိရိယာ ဝမ်းဗိုက်ထဲကျန်ခဲ့သဖြင့် ၂၆ နှစ်ကြာ ဝေဒနာ ခံစားခဲ့ရသည့်အတွက် ပေါ့ဆစွာ ခွဲစိတ်ခဲ့သည့် ဆရာဝန်အား အရေးယူပေးရန် တိုင်ကြားထားမှု တစ်လကျော် ကြာသည်အထိ စုံစမ်းစစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စံနမူနာပြ ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများထံ လူနာရှင် မိသားစုက အထောက်အထားများနှင့် တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးမှု မရှိသေးခြင်းဖြစ်သည်။

“ပြည်ထောင်စုအဆင့်ကိုရော၊ တိုင်းဒေသကြီးအဆင့်ကိုပါ ကျွန်တော်တို့ စာတင်ခဲ့တာ တစ်လကျော်ပါပြီ။ စာတင်တုန်းကလည်း ခွဲစိတ်မှု မှတ်တမ်းတွေကအစ သေသေချာချာ တင်ထားတာ။ အခုထိ စုံစမ်းစစ်ဆေးမှု တစ်စုံတစ်ရာ မရှိသေးဘူး။ ကျွန်တော်တို့က စုံစမ်းစစ်ဆေးစေချင်လို့ တင်ပေးထားတာ။ ကျွန်တော့်အဖေဆိုရင် ကျန်းမာရေးလည်း တော်တော်မကောင်းဘူး။ စီးပွားရေးလည်း ချွတ်ခြုံကျခဲ့ရတယ်။ အလုပ်လည်း ထွက်ခဲ့ရတယ်။ ဌာနဆိုင်ရာတွေက စုံစမ်းစစ်ဆေးတာ မရှိတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း သတင်းတောင် လာမမေးတော့ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရတာပေါ့။ အလေးထား စေချင်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း နည်းနည်းအလေးထား စေချင်တာပေါ့။ နှစ်ရှည်လများ ခံစားခဲ့ရတယ်။ ဘယ်သူ့အကူအညီမှ မယူခဲ့ဘူး။ အခုအခြေအနေကတော့ တော်တော်ကြီး အခက်အခဲရောက်လို့ စီးပွားရေး အရလည်း တော်တော်ကြီးဆိုးဆိုး ဖြစ်နေလို့ အရင်တုန်းက ခွဲပေးခဲ့တဲ့ ဆရာကြီးကိုသွားပြီး အကူအညီ တောင်းခဲ့တယ်။ ဆရာကြီး ကျွန်တော်တို့ကို ပြန်ငဲ့ကြည့်ပေးပါဆိုတော့ သူကလျစ်လျူရှုတယ်။ တာဝန်ခံမှု မရှိဘူးပေါ့။ အဓိက,ကတော့ တာဝန်ခံမှုမရှိတဲ့အတွက် ဌာနဆိုင်ရာတွေကို တိုင်ကြားရတာပါ” ဟု လူနာ၏ သားဖြစ်သူ ကိုရှိုင်းထက်အောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ လူနာအား ၁၉၉၂ ခုနှစ်က သြဂုတ် ၂၀ ရက်က ဟင်္သာတဆေးရုံကြီး၌ ခွဲစိတ်ခဲ့ခြင်းဖြစ်ပြီး ဝေဒနာနှစ်ရှည် ခံစားခဲ့ရပြီးနောက် ၂၆ နှစ်အကြာ ခွဲစိတ်မှု ပြုလုပ်ချိန်၌ ဝမ်းဗိုက်ထဲတွင် ခြောက်လက်မခန့် အရွယ်ရှိ ခွဲစိတ်ခန်းသုံး သွေးကြောဖမ်းကိရိယာ ရှိနေမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားခံထားရသည့် ဒေါက်တာဦးဦးဟန်အား The Daily Eleven သတင်းစာမှ ပြီးခဲ့သည့် သြဂုတ် ၃ ရက်က မေးမြန်းခဲ့ရာတွင် “လူနာက အူပုပ်သွားတာကိုး။ သူပြောတာ အူပုပ်တယ်ဆိုတော့ အရေးပေါ်ခွဲတဲ့ အခါမျိုးမှာ ၂၆ နှစ်ကြာပြီဆိုတော့ မမှတ်မိဘူး။ သူ့ကို ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောရရင် အသက်ကယ်လိုက်တာပေါ့ဗျာ။ မခွဲဘဲနေရင် သေမှာပဲလေ။ ဆရာဝန်၊ ဆရာမတွေကတော့ ကျွန်တော် ခွဲတာဖြစ်ဖြစ်၊ ဘယ်သူပဲ ခွဲတာဖြစ်ဖြစ် အရေးပေါ် အသက်ကယ်ပေးတဲ့ သဘောပါ။ ဘယ်သူကမှ ဒီဟာကြီးကို နမော်နမဲ့တော့ မလုပ်ပါဘူး။ ဒါတွေဟာ ဆရာမတွေက ခွဲခန်းမှာ ရေရတာပေါ့။ ဒီပစ္စည်းတွေက အကုန်ရေရပါတယ်။ ဘယ်လို ဘယ်လို ကျန်ခဲ့တယ်၊ ဘယ်သူတွေခွဲလို့ ဘာတွေဖြစ်လဲဆိုတာ စာရွက်စာတမ်းလေး ကြည့်ချင်တာပေါ့။ ဆေးရုံက Record တွေ တောင်းမလို့ဗျ။ ၂၆ နှစ်ဆိုတော့ Record တွေက ရှိချင်မှလည်း ရှိတော့မှာ။ သူတို့ အဲဒါကြောင့် ဆင်းရဲသွားတာ၊ ကျွန်တော့်ကို ထောက်ပံ့ပေးပါ လို့ပြောတော့ ထောက်ပံ့စရာ မရှိဘူးလေ။ ကျွန်တော်လည်း ပင်စင်စား တစ်ယောက်ပဲ။ အဲဒီအချိန်မှာ ဆရာဝန်တွေဟာ ရုန်းကန်ပြီးတော့ အတော်ခွဲနေရတဲ့အချိန် မီးမလာ လက်နှိပ်ဓာတ်မီးနဲ့ခွဲ မီးပြတ်တယ်ဆိုရင် ဖြစ်တဲ့နည်းနဲ့ခွဲ၊ မခွဲရင် သေမှာကိုး။ အဲဒီအချိန်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းတာ မဟုတ်ဘူးလေ။ ပုသိမ်မပို့ဘဲနဲ့၊ ပြောရရင် ပိုက်ဆံမရှိရှာဘူး၊ ဖြစ်တဲ့နည်းနဲ့ ခွဲပေးတာ။ ဘယ်သူခွဲလည်း မသိဘူး။ ကျွန်တော်က ဖြစ်စဉ်လေး ပြောပြတာပါ။ သူတို့ကတော့ ကျွန်တော်ခွဲတယ် ပြောတာပေါ့နော်” ဟု ဖြေကြားသည်။

ဝမ်းဗိုက်ထဲ၌ ခွဲစိတ်ခန်းသုံး ကိရိယာ ကျန်ခဲ့သည့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လယ်ကြီးကွင်းအုပ်စု ရွာသစ်တောင်ကျေးရွာတွင် နေထိုင်သူ အသက် ၅၀ အရွယ်ရှိ လူနာ ဦးဝင်းခိုင် ကိုယ်တိုင် လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူတို့ထံ ၂၀၁၈ ခုနှစ် သြဂုတ် ၂ ရက်ကတည်းက မိသားစုက  အသနားခံ တင်ပြတိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent