ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် အိမ်ခြေ ၃၈၀ ကျော်ပျက်စီးပြီး ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ဆုံးရှုံးခဲ့ကာ လူလေးဦး သေဆုံးသော အခြေအနေမှာ ပျက်စီးဆုံးရှုံးမှု နည်းပါးသော အခြေအနေဖြစ်ကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ပြောကြား

ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် အိမ်ခြေ ၃၈၀ ကျော်ပျက်စီးပြီး ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ဆုံးရှုံးခဲ့ကာ လူလေးဦး သေဆုံးသော အခြေအနေမှာ ပျက်စီးဆုံးရှုံးမှု နည်းပါးသော အခြေအနေဖြစ်ကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ပြောကြား
Published 5 September 2018

ဆည်ရေတိုးခံခဲ့ရသော ဆွာချောင်းနံဘေးမှ ကြာအင်းရွာအား ရေကျပြီးနောက် စက်တင်ဘာ ၃ ရက် ညနေပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ဆွာတမံမှ ရေပိုလွှဲလက်တံမြောင်းမှာ သြဂုတ် ၂၉ ရက်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ဆည်ရေထိုးဆင်းမှု ဖြစ်ပွားပြီး အိမ်ခြေပေါင်း ၃၈၀ ကျော် ပြိုလဲပျက်စီး၍ ကျပ်သိန်းပေါင်း ၁၂၇၉ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆည်ရေနှင့် မျောပါရာမှ လူလေးဦးသေဆုံး၊ လူနှစ်ဦး ပျောက်ဆုံးမှုလည်း ဖြစ်ပွားခဲ့ပြီး ယင်းအခြေအနေမှာ ပျက်စီးဆုံးရှုံးမှု နည်းပါးသော အခြေအနေသာ ဖြစ်ခဲ့ကြောင်းနှင့် မြို့နယ်မှတာဝန်ရှိသူများ အချိန်မီ ကာကွယ်ကူညီ ပေးနိုင်ခဲ့ခြင်း၊ ဆည်ရေတိုးခြင်းမှာလည်း ညပိုင်းမဟုတ်ဘဲ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ယခုလောက်သာ ပျက်စီးဆုံးရှုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က “လုံးဝပြိုလဲ သွားတာပေါ့နော်။ ပြိုလဲတယ်ဆိုတာ တချို့က ရေနောက်ပါသွားတယ်၊ ရေလုံးအရှိန်ကြောင့်ပေါ့နော်။ ရေနောက်ပါပြီးတော့ လုံးဝပြိုကျသွားတာတော့ ၁၈၅ လုံးရှိပါတယ်။ အဲဒီ ၁၈၅ လုံးအပါအဝင် ကျန်တဲ့ဟာကတော့ သာမန်ပျက်စီး သွားတာပေါ့။ ပျက်စီးတယ်၊ အမိုးလန်သွားတယ်၊ တချို့ကတော့ ထရံတွေဘာတွေ ကွာသွားတယ်။ ယိုင်သွားတယ်ပေါ့နော်။ ကျန်တဲ့ အိမ် ၃၀၀ ကျော်ကတော့ အဲဒီလို အနေအထားပါဗျ။ ပျက်စီးတာက ၃၀၀ ကျော်နဲ့ လုံးဝပြိုလဲသွားတာကတော့ ၁၈၅ လုံးပါ။ ဒီဟာနဲ့ပတ်သက် ပြီးတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနက တစ်သိန်းထောက်ပံ့ပါတယ်။ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ဗဟိုအဆင့်က နေပြီးတော့ တစ်အိမ်ကို နှစ်သိန်းနှုန်း၊ ဒီနေ့လာထောက်ပံ့သွားပြီ ဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကယ်ဆယ်ရေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနဖြစ်တဲ့ လူကယ်ပြန် ဦးစီးဝန်ကြီးဌာနကနေပြီး အိမ်သုံးပစ္စည်းတွေ ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ဆန်၊ ဆီ၊ ငါး သေတ္တာ၊ ခေါက်ဆွဲခြောက် ဒါတွေကိုလည်း အရင်ရက်တွေကလည်း ဖြန့်ထားတယ်။ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ လက်ရှိဖြန့် ထားပေးပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သြဂုတ် ၂၉ ရက် နံနက် ၅ နာရီခန့်က ဆွာတမံမှ ဆည်ရေတိုးခြင်းကြောင့် လူ ၁၀ ဦးခန့် ပျောက်ဆုံးခဲ့ရာ လေးဦးအား အကောင်းအတိုင်း ပြန်တွေ့ခဲ့သော်လည်း လေးဦးအား သေဆုံးလျက် တွေ့ရှိခဲ့ရပြီး နှစ်ဦးမှာ စက်တင်ဘာ ၃ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၁၈ ရွာရှိ ကွင်းပေါင်း ၁၀၂ ကွင်းမှ မိုးစပါးစိုက်ဧက ၃၂၉၂၁ ဧကအထိ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သော်လည်း ရေများပြန်လည်ကျဆင်းမှု မြန်ဆန်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ပြီး နုန်းထိုး၍ ပျက်စီးသွားခဲ့သော မိုးစပါးစိုက်ဧက ၆၀၀ ခန့်သာ ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ ပျက်စီးဧကများတွင် မိုးစပါးအစား အာလူးနှင့် ကြက်သွန်ကဲ့သို့သော မီးဖိုချောင်သီးနှံများကိုသာ အစားထိုးစိုက်ပျိုးရန် ဆောင်ရွက်ထားကြောင်း ဦးမင်းနိုင်အောင်က ပြောကြားသည်။

“လယ်မြေအနေနဲ့တော့ ဧကသုံးသောင်းမှာ ကျွန်တော်တို့က ဧက ၆၀၀ ပဲ ပျက်စီးတဲ့အတွက် ဝ.၀၂ ရာနှုန်းလောက်ပဲ ပျက်စီးပါတယ်။ မပြောပလောက်ပါဘူး။ လူအသေအပျောက် အနေနဲ့လည်း လက်ရှိအနေအထားအရ လေးဦးပဲ သေဆုံးတာပေါ့နော်။ လေးဦးပဲ သေဆုံးတဲ့အတွက် ရာနှုန်းအင်မတန်ကို နည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါကလည်း ရေပိုလွှဲကစပြီးတော့ ရေပေါက်တာနဲ့ ကျွန်တော်တို့က သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို ကျေးရွာအုပ်စုအလိုက် ချက်ချင်းလိုက်ပြောနိုင်တယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း ကျွန်တော်တို့က ဖုန်းနဲ့တစ်ပြိုင်တည်း ချိတ်ဆက်ပြီးတော့ ရွာမှာဟန်းစပီကာတို့၊ လော်စပီကာတို့နဲ့ ဆော်သြပြီးတော့ ကုန်းမြင့်တဲ့နေရာတွေ၊ ဘေးလွတ်ရာတွေကို အမြန်ဆုံး ရွှေ့ပါဆိုတော့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်တာ လည်းပါတယ်။ နောက်တစ်ချက်က ညပိုင်းမဖြစ်ဘဲ မနက်မိုးလင်းပိုင်းမှ ဖြစ်တဲ့အတွက် လူတွေရွှေ့ပြောင်းရတာ မြင်မြင်ထင်ထင်ဖြစ်တယ်၊ လွယ်ကူတဲ့အတွက် လူအသေအပျောက်နှုန်းက တစ်မြို့နယ်လုံးနဲ့စာရင် အင်မတန် နည်းသွားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဆွာတမံမှ ရေပိုလွှဲပဲ့ကျမှုကြောင့် ရေကြီးခြင်းများ ဖြစ်ပွားခဲ့ရာ ရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်ပြည်သူ ၄၉၃၈၂ ဦးရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခု၊ တောင်ငူမြို့နယ်တွင် လူဦးရေ ၂၄၆၇၂ ဦးအား ကယ်ဆယ်ရေးစခန်း ၄၄ ခု၊ အုတ်တွင်းမြို့နယ်တွင် လူဦးရေ ၁၄၆၀ ဦးအား ကယ်ဆယ်ရေးစခန်း ခုနစ်ခု၊ ကျောက်ကြီးမြို့နယ်တွင် လူဦးရေ ၄၇၃ ဦးအား ကယ်ဆယ်ရေးစခန်း ၁၂ ခု တို့တွင် ယာယီရွှေ့ပြောင်း ထားခဲ့ရကြောင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းမှ အခြေခံပညာ ကျောင်းပေါင်း ၃၁၉ ကျောင်းအား ယာယီပိတ်ထားခဲ့ရပြီး ရေဖြင့်မျောပါပြီး သေဆုံးသူ လေးဦး၊ ပျောက်ဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent