ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ချောင်းရေတိုက်စားမှုကြောင့် ယောချောင်းဘေး ကျေးရွာအချို့ လူနေအိမ်များ ရွှေ့ပြောင်းနေရပြီး စိုက်ပျိုးမြေများပါ ပြိုကျပျက်စီး

ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ချောင်းရေတိုက်စားမှုကြောင့် ယောချောင်းဘေး ကျေးရွာအချို့ လူနေအိမ်များ ရွှေ့ပြောင်းနေရပြီး စိုက်ပျိုးမြေများပါ ပြိုကျပျက်စီး
Published 5 September 2018

ယောချောင်းရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသည့် ဝက်မှေးကျေးရွာ ကမ်းပါးကို တွေ့ရစဉ် (ဓာတ်ပုံ - ရဲထွန်းဝင်း)

ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ယောချောင်းဘေးရှိ ကျေးရွာအချို့မှာ ချောင်းရေကျဆင်းမှု များပြားနေသည့် အတွက် ရေတိုက်စားမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်းနေရသည့်အပြင် စိုက်ပျိုးမြေများပါ ပြိုကျပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်မြို့နယ်အတွင်း ယောချောင်းဘေးရှိ ဝက်မှေးကျေးရွာမှာ ယောချောင်းရေတိုက်စားမှုကြောင့် ယခုနှစ်အတွင်း စိုက်ပျိုးမြေပေ ၄၅၀ ခန့် (ဧက ၄၀ နီးပါး) ပြိုကျပျက်စီးနေပြီး ကာကွယ်ရေးလုပ်ငန်း မလုပ်ဆောင်နိုင်ပါက ကျေးရွာအိမ်များမှာ ရွှေ့ပြောင်းရနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

“ချောင်းအလယ်မှာ သောင်တွေရှိတဲ့အတွက် ရေဦးကရွာဆီကို ဦးတည်ထိုးတာကြောင့် လယ်မြေတွေ ပြိုကုန်တာပါ။ အရင်နှစ်တွေကတည်းက စပြိုတယ် ဆိုပေမယ့် ဒီနှစ်မှာတော့ ရွာနဲ့ကမ်းပါးနဲ့က အတော်နီးနေပြီ။ နောက်ထပ် လယ်တစ်ကွက်စာလောက်ပဲ ကျန်တော့တယ်။ ရွာအနေနဲ့က တတ်နိုင်သမျှ လုပ်နေပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် အခက်အခဲရှိတယ်။ ရေအားလည်း များနေတော့ ကမ်းပါးခြေကို သိပ်မကပ်ရဲဘူး။ လုပ်နိုင်သမျှတော့ အရဲစွန့်ပြီး လုပ်နေရတယ်” ဟု ပေါက်မြို့နယ် ဝက်မှေးကျေးရွာမှ ကိုစိုးဝင်းသန်းက ပြောကြားသည်။

ယောချောင်းဘေးရှိ ဝက်မှေးကျေးရွာမှာ ပုံတောင်ပုံညာ တောင်တန်းနှင့် ထိစပ်နေသည့် ဒေသဖြစ်ပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သည့် လွင်ပြင်နည်းပါးပြီး ရေနည်းချိန် ပေါ်ထွန်းလာသည့် မြေနုနှင့် ကမ်းပြိုမှုကြောင့် ဆုံးရှုံးသွားသည့် လယ်မြေများကိုသာ အားထားလုပ်ကိုင်ရကြောင်း သိရသည်။

“ကမ်းပါးနဲ့ ရွာက လယ်တစ်ကွက်စာလောက်ပဲ ကွာပါတော့တယ်။ ပေအားဖြင့် ပေ ၁၀၀ လောက်ပဲ ကွာပါတယ်။ ပါသွားတဲ့ လယ်တွေဆိုရင် စပါးစိုက်ပျိုးဆဲ ဖြစ်ပါတယ်။ အတော်လေး ဆုံးရှုံးမှု များနေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကာကွယ်ရေးလုပ်ငန်းတွေ အမြန်ဆုံး လုပ်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောကြားသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ယောချောင်းအနီးရှိ ညောင်ဝန်းကျေးရွာမှာ ပြီးခဲ့သည့် သြဂုတ်လအတွင်း ချောင်းရေတိုက်စားမှုကြောင့် နေအိမ်ကိုးလုံးအရေးပေါ် ရွှေ့ပြောင်းထားရပြီး စိုက်ပျိုးမြေများ ပြိုကျပျက်စီးနေကြောင်း၊ နေအိမ်များ ရွှေ့ပြောင်းမှု ပြုလုပ်ထားသည့် ညောင်ဝန်းကျေးရွာ ကမ်းပါးကာကွယ်ရေး အတွက် တိုင်းဒေသကြီးအစိုးရမှ ကျပ်သိန်း ၁၅၀ ချထားပေးသော်လည်း ကမ်းပြိုသည့် အခြေအနေအရ လောက်ငခြင်း မရှိကြောင်း သိရသည်။

“ကမ်းပါးပြိုနေတဲ့ အရှည်က ပေ ၁၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးလုပ်ငန်း အတွက်က သိန်း ၁၅၀ ဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ တိုင်းမြစ်ချောင်း/ဖြိုးက တာဝန်ရှိသူတွေနဲ့ တိုင်းဝန်ကြီးလာတော့ ကမ်းပါးအခြေအနေကို မျက်မြင်ဖြစ်အောင် ဒေသခံတွေ လိုက်ပြထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားနေပါတယ်” ဟုပေါက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက ပြောကြားသည်။

ပေါက်မြို့နယ် ယောချောင်းအနီး နေထိုင်သည့် ကျေးရွာများမှ ဒေသခံများမှာ ကုန်းစိုက်ပျိုးမြေနည်းပါးပြီး ချောင်းရေနည်းပါးချိန် ပေါ်ထွန်းလာသည့် မြေနုများတွင် ကြက်သွန်၊ မြေပဲနှင့် အာလူးတို့ကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

 

Most Read

Most Recent