ရိုက်တာသတင်းထောက် နှစ်ဦးအား ကိုလိုနီခေတ်ဥပဒေ တစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သတင်းမီဒီယာဥပဒေကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ထုတ်ပြန်

ရိုက်တာသတင်းထောက် နှစ်ဦးအား ကိုလိုနီခေတ်ဥပဒေ တစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သတင်းမီဒီယာဥပဒေကို မျက်ကွယ်ပြုရာရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ထုတ်ပြန်
Published 4 September 2018

ဓာတ်ပုံ - ကြည်နိုင်

ရိုက်တာသတင်းထောက် နှစ်ဦးအား ကိုလိုနီခေတ် ဥပဒေတစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြုရာ ရောက်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုး ဦး(ခ)မိုးအောင်တို့အား ဖမ်းဆီးခံရချိန်တွင် ထိုကိစ္စကို သတင်းမီဒီယာ ဥပဒေအရ လည်းကောင်း၊ တရားရုံးတင် စစ်ဆေးမည်ဆိုပါက လိုအပ်လျှင် Expert Witness ကျွမ်းကျင်သူ အသိသက်သေအဖြစ် သတင်းမီဒီယာကောင်စီမှ ဆောင်ရွက်လိုပါကြောင်း၊ တရားမျှတသည့် ဆုံးဖြတ်ချက်ဖြစ်စေရန် Legal Assistace ဥပဒေရေးရာ အထောက်အကူ လိုအပ်ပါက သတင်းမီဒီယာ ကောင်စီအား ဆောင်ရွက်ခွင့်ပေးရန် ထုတ်ပြန်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ သတင်းမီဒီယာသမားများကို အပြင်းထန်ဆုံး ဖိနှိပ်ချုပ်ချယ်လေ့ရှိသည့် ကိုလိုနီခေတ် ဥပဒေ တစ်ခုဖြစ်သည့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူအပြစ်ပေး စီရင်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်းကောင်း၊ သတင်းမီဒီယာဥပဒေကို လည်းကောင်း မျက်ကွယ်ပြုရာ ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ လုပ်ဆောင်လိုက်ခြင်းသည် သတင်းသမားများ လွတ်လပ်စွာ သတင်းရယူဖော်ထုတ် ရေးသားပိုင်ခွင့်ကို ထိခိုက်စေရုံသာမက ပြည်သူများထံ သတင်းလွတ်လပ်ခွင့် စီးဆင်းမှုကိုလည်း ဒီမိုကရေစီနိုင်ငံတော်၏ ပုံရိပ်ကို လည်းကောင်း များစွာထိခိုက်စေကြောင်း ပါရှိသည်။

သတင်းမီဒီယာဥပဒေ အခန်း(၆)၊ ပုဒ်မ ၁၂ အရ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည့်အပြင်၊ ပုဒ်မ ၁၇(စ)အရ ကောင်စီသည် လိုအပ်သည့် အချိန်တိုင်း သတင်းထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအား အခွင့်အာဏာ အပ်နှင်းထားကြောင်း ပါရှိသည်။

ထို့အတူ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသော သတင်းမီဒီယာဥပဒေ အခန်း(၂)၊ ပုဒ်မ၃(ဂ)တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အ၀ ရရှိစေရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ဆောင်ရွက်ရမည်ဟု ဆိုထားကြောင်း၊ အခန်း (၃) ပုဒ်မ (၄)(၅)(၆)(၇)(ဂ)တို့အရ သတင်းမီဒီယာ  သမားများသည် လွတ်လပ်စွာ သတင်းအချက်အလက် တောင်းယူပိုင်ခွင့်နှင့် ဖော်ထုတ် ရေးပိုင်ခွင့် ရှိကြောင်း၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄(က) တွင်လည်း မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထု့ိကြောင့် ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင်(ခ)ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အား မြန်မာနိုင်ငံ အစိုးရလျှို့ဝှက် အက်ဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တရားရုံးမှ စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည့်အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ များစွာဝမ်းနည်းရပါကြောင်း ထုတ်ပြန်ခဲ့သည်။

 

 

 

Most Read

Most Recent