ရိုက်တာသတင်းထောက်နှစ်ဦးအား နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် အမိန့်ချမှတ်

ရိုက်တာသတင်းထောက်နှစ်ဦးအား နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံစေရန် အမိန့်ချမှတ်
Published 4 September 2018

အမိန့်ချမှတ်အပြီး တရားရုံးမှ ထွက်ခွာလာသည့် ရိုက်တာသတင်းထောက် ကိုဝလုံးအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ-၃(၁)(ဂ) ဖြင့် ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၃ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် အယူခံဝင်ရန် အပါအဝင် လုပ်နိုင်သည့်အရာအားလုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောင်ဒဏ်တွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ကိုဝလုံးတို့ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေနဲ့ ငြိတယ်။ စွဲထားတဲ့ပုဒ်မ ၃(၁)(ဂ)နဲ့ ငြိတယ်။ သူတို့က ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်တယ်။ အဲဒါကြောင့်မို့လို့ ထောင်ဒဏ်ခုနစ်နှစ် ကျခံစေလို့ အမိန့်ချလိုက်တယ်။ ကျွန်တော်တို့ဖက်က အယူခံ အပါအဝင် ရှေ့နေ လုပ်စရာရှိတာ အကုန်လုပ်မယ်” ဟု အမိန့်ချမှတ်အပြီးတွင် ပြောကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို အမိန့်ချမှတ်ရာတွင် တယ်လီဖုန်း၊ ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာတို့မှ ရရှိသော စာရွက်စာတမ်းများကို လျှို့ဝှက်ချက်များအဖြစ် သုံးသပ်၍ အမိန့်ချမှတ်ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ခရီးစဉ် လမ်းကြောင်းပြမြေပုံ၊ ဒုသမ္မတခရီးစဉ် လမ်းကြောင်းကဲ့သို့ အများသိပြီးသား စာရွက်စာတမ်းများ ပါဝင်ကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ကျွန်တော်တို့ တရားရုံးတစ်လျှောက်လုံးမှာ ထုချေခဲ့တယ်။ ထုချေခဲ့တယ် အကြောင်းအရာမှာ ပုပ်ရဟန်းမင်းကြီးစာရွက် ခရီးစဉ်လမ်းကြောင်းပြ မြေပုံဆိုရင် လုံး၀ မြန်မာပြည်အစိုးရ အဖွဲ့အစည်းတစ်ခုခုက ထုတ်ထားတဲ့စာရွက် မဟုတ်ဘူး။ ဒါသည် ဂျာမန်ဝက်ဘ်ဆိုက်တစ်ခုက တင်ထားတဲ့ဟာ။ အဲဒီလိုဟာမျိုးကစ ထည့်သွင်းပြီး သုံးသပ်တာသည်၊ နောက်တစ်ခါ ဒုသမ္မတလမ်းကြောင်းလိုမျိုးဟာတွေ ဒီဟာတွေက သတင်းစာမှာပါပြီးသား ဆိုပေမယ့် အသေးစိတ် အချက်အလက် လျှို့ဝှက်စာရွက်စာတမ်းလို သတင်းစာမှာ မဖော်ပြထားဘူးပြောတယ်။ ဒါပေမယ့် ဒီလိုအချက်အလက်တွေ၊ လျှို့ဝှက်စာရွက်စာတမ်းတွေ ဒီထက်ပိုလေးနက်တဲ့ အကြောင်းအရာတွေက Facebook လို၊ Messenger လိုမျိုးမှာ ဒီနေ့ အချိန်မရွေး၊ အခါမရွေးရရှိနိုင်တဲ့ အနေအထားမျိုးတွေဖြစ်တယ်။ သုံးသပ်မယ်ဆိုရင် တရားရုံးက ဒီလိုမျိုး အလွယ်တကူ ရရှိနိုင်နေတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ ဒါသည်လျှို့ဝှက်ဆိုပြီး သုံးသပ်ပြီးတော့ ထောင်ချလိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ရုံးချိန်းသို့ လာရောက် သတင်းရယူနေသည့် မီဒီယာများ (ဓာတ်ပုံ - ကြည်နိုင်)

စီရင်ချက်သည် အင်မတန် စိတ်ပျက်စရာကောင်းပြီး ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်မှု၊ တရားဥပဒေစိုးမိုးရေး အခြေအနေတို့တွင် ဆိုးရွားနေခြင်းကို ပြသရာရောက်ကြောင်း၊ အားလုံးတွင် နစ်နာဆုံးရှုံးမှုများရှိပြီး သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆက်လက် ပြောကြားသည်။

“ဒီနေ့ စီရင်ချက်နဲ့ ပတ်သက်ပြီးတော့ အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်။ ဒီဟာက လက်ရှိဒီမိုကရေစီကို သွားနေတယ်လို့ပြောတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာ ထုတ်ဖော်မှု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေအနေတွေဟာ ဆိုးရွားနေပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး(၆) ဦးရဲလွင်က အမိန့်ချမှတ်ခဲ့ပြီး အစိုးရရှေ့နေအဖြစ် ဦးကျော်မင်းအောင် အပါအဝင် သုံးဦးပါဝင် ဆောင်ရွက်ခဲ့ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေများထံမှ သိရသည်။

အမိန့်ချမှတ်မည့် မြောက်ပိုင်းခရိုင် တရားရုံးသို့ သတင်းထောက်နှစ်ဦး၏ မိသားစုဝင်များ၊ အမေရိကန်သံရုံးမှ သံအမတ်ကြီး စကော့မာစီရယ် အပါအဝင် အခြားသံရုံးများမှ အရာရှိများ၊ လေ့လာသူများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း ကြားနာမှုကို တက်ရောက် နားထောင်ခဲ့သည်။

ရိုက်တာသတင်းထောက်ကိုဝလုံးက “ပုပ်ရဟန်းမင်းကြီး စာရွက်တွေလို့ ထောင်ချတယ်။ ကိုညိုထွန်းတို့ ဖုန်းနံပါတ်ကို မှတ်ထားလို့ ကျွန်တော်တို့ကို ထောင်ချတယ်။ Facebook ထဲမှာ ဒုသမ္မတဦးမြင့်ဆွေ ခရီးစဉ်တွေ့လို့ ထောင်ချတယ်။ ဒါဟာ တရားမျှတမှု ရှိသလား။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ။ ဒီအနေအထားပေါ်မှာ ကျွန်တော်တို့ အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံး ရင်ဆိုင်သွားပါမယ်” ဟု အမိန့်ချမှတ်အပြီးတွင် ပြောကြားသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ကိုကျော်စိုးဦး၏ မိသားစုဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကလည်း “ကျွန်တော်တို့အနေနဲ့ ဘာပြစ်မှုမှ မလုပ်ခဲ့ဘူး။ ကျွန်တော်တို့ဟာ သူလျှိုတွေ မဟုတ်ဘူး။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာပဲ။ အစိုးရကို တောင်းဆိုချင်တာက ပြည်သူတွေရဲ့ နားမျက်စိတွေကို မပိတ်ပါနဲ့။ ကျွန်တော်တို့ကို ထောင်ထဲမှာထားထားလို့ရတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေကို သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေနဲ့ မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

အမိန့်ချအပြီးတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ယာဉ်ပေါ် အတင်းခေါ်ဆောင်မှုကြောင့် တရားရုံးသို့ လာရောက်ကြားနာသည့် အရပ်ဖက်အဖွဲ့အစည်းများမှ အချိန်ခဏပေးရန် ပြောကြားရာမှ တွန်းထိုးမှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးသည် လျှို့ဝှက်စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆိုကာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးခံရခဲ့ပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃(၁)(ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

၎င်းတို့နှစ်ဦးမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီးခံရပြီးနောက် ကိုးလကြာ ချုပ်နှောင်ထိန်းသိမ်းခံရပြီး ရုံးချိန်းပေါင်း ၄၀ နီးပါး ရင်ဆိုင်ခဲ့ရသည်။ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းရေးသား ဖော်ထုတ်ခဲ့သူများဖြစ်ပြီး အင်းဒင်ကျေးရွာကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား ခုနစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများနှင့်အညီ အရေးယူထားကြောင်း ဧပြီ ၁၀ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် သတင်းထောက်နှစ်ဦးနှင့် ဆုံတွေ့ဖူးသော လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်တစ်နှစ်ချမှတ်ခဲ့ပြီး တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်းကို ရဲတပ်ဖွဲ့က အမြဲတမ်း ထုတ်ပယ်ကြောင်း သိရသည်။

Most Read

Most Recent