ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းနှင့် တရားစီရင်ရေးကို မှေးမှိန်စေကြောင်း အမေရိကန်နှင့် အီးယူအပါအဝင် သံရုံးများ ထုတ်ပြန်

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းနှင့် တရားစီရင်ရေးကို မှေးမှိန်စေကြောင်း အမေရိကန်နှင့် အီးယူအပါအဝင် သံရုံးများ ထုတ်ပြန်
Published 4 September 2018

ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ၎င်းတို့နှစ်ဦးကို ထောင်ချခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခြင်းနှင့် တရားစီရင်ရေးကို မှေးမှိန်စေကြောင်း အမေရိကန်နှင့် အီးယူ အပါအဝင် သံရုံးများက ထုတ်ပြန်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွတ်ပေးရန် အမေရိကန်သံရုံးက တိုက်တွန်းထားပြီး သတင်းထောက်များသည် ၎င်းတို့အလုပ် ၎င်းတို့လုပ်နေကြသည်ကို တရားစွဲဆိုခြင်းအား ရပ်တန့်ပါရန် မြန်မာအစိုးရကို တိုက်တွန်းထားသည်။
ယခုအမှု၏ သိသာထင်ရှားသော ချွတ်ယွင်းချက်များက မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာတရားစီရင်ရေးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်သတင်းထောက်များအား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ဒီမိုကရေစီနည်းကျ လွတ်လပ်မှုကို ရှေ့တိုးဆောင်ရွက်ရန် ချမှတ်ထားသည့် မြန်မာအစိုးရ၏ ရည်မှန်းချက်ကို နှောင့်နှေးကြန့်ကြာစေသည့် အဓိကအချက်ဖြစ်သည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ထို့ပြင် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ အများပြည်သူ သတင်းအချက်အလက် သိရှိပိုင်ခွင့်နှင့် မြန်မာနိုင်ငံအတွင်း တရားဥပေဒစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို လျော့ကျစေခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပွင့်လင်းမြင်သာသည့် သတင်းစာပညာတို့သည် ဒီမိုကရေစီ၏ မရှိမဖြစ်မဏ္ဍိုင်များဖြစ်ပြီး လွတ်လပ်သည့် မီဒီယာသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပြီး ဒီမိုကရက်တစ်အစိုးရကို တာဝန်ယူမှု၊ တာဝန်ခံမှုကို ရှိစေသည့် အဓိကသော့ချက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦး၏ ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်သင့်ပြီး ချက်ချင်းခြွင်းချက်မရှိ လွတ်မြောက်စေသင့်သည်ဟု ဆိုသည်။

“မည်သည့် ဒီမိုကရေစီစနစ်တွင်မဆို သတင်းသမားများသည် မိမိတို့၏ တာဝန်ကို စိုးရိမ်ကြောင့်ကြစရာမလိုအပ်ဘဲ တာဝန်ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်ကို မှေးမှိန်စေခဲ့ပါသည်” ဟု ဗြိတိသျှသံအမတ်ကြီးက ပြောကြားသည်။

ထို့ပြင် နယ်သာလန်သံရုံးမှလည်း သတင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီနိုင်ငံအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ သတင်းများကို မှန်မှန်ကန်ကန် လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ သတင်းထောက်များအပေါ် ဥပဒေလမ်းကြောင်းအရ အကာအကွယ် ပေးထားသင့်ကြောင်း၊ ဥပဒေဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာရှိသူများအတွက် အကာအကွယ် မဖြစ်သင့်ကြောင်း ရေးသားထားသည်။

ဒိန်းမတ်သံရုံးကလည်း အစိုးရ၏ ဆုံးဖြတ်ချက်အပေါ်တွင် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် မေးခွန်းထုတ်စရာ ရှိလာကြောင်းနှင့် ယခုအမိန့်ချမှတ်မှုသည် တရားမမျှတမှုဖြစ်ကြောင်း ထုတ်ပြန်သည်။

ဘရာဇီးသံရုံးကလည်း ယခုလုပ်ဆောင်မှုသည် မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်းအချက်အလက်ပေါ်တွင် လူထုလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတားအဆီးဖြစ်စေပြီး အခြားသော သတင်းထောက်များအား ကြောက်ရွံ့စိတ်ဖြစ်လာစေရန် အစိုးရအနေဖြင့် ဖမ်းဆီးခြင်း သို့မဟုတ် စွဲချက်တင်ခြင်းတို့သည် ခြောက်လှန့်သည့် အလုပ်သာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent