ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့်မရ

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့်မရ
Published 30 August 2017

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသော နယ်မြေရဲစခန်း၊ ရဲကင်း ၃၀ အား တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သော တရားမဝင်ကျူးကျော် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ နိုင်ငံတော်လွတ်လပ်ရေးနှင့် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးကို ထိခိုက်ပျက်ပြားစေသည့် ရက်စက်ပြင်းထန်သည့် အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့်မရခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့်ဖြစ်ရပ်များသည် နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်သည့် အချုပ်အခြာအာဏာကို ထိပါးလာသည့် ကိစ္စဖြစ်သည့်အတွက် သာမန်အနေဖြင့် သဘောထား၍မရဘဲ နိုင်ငံရှိစွမ်းအားစုများကို အသုံးပြုကာ ကာကွယ်ရန် လိုအပ်လာပြီဟု ယူဆသည့်အတွက် ကိုယ်စားလှယ်အချို့အနေဖြင့်လည်း မိမိပြောဆိုချက်၊ လုပ်ဆောင်ချက်တစ်ခုကြောင့် တိုင်းပြည်တွင် ထိခိုက်နစ်နာမှုရှိလာပါက ဆင်ခြင်နိုင်ရန်အတွက် အဆိုကိုတင်သွင်းရခြင်းဖြစ်ကြောင်း၊ ယင်းအဆိုကို သြဂုတ် ၂၈ ရက်တွင် လွှတ်တော်ရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (သြဂုတ် ၂၉ ရက်) တွင် ဆွေးနွေးခွင့်မပြုနိုင်ဟု အကြောင်းပြန်ကြားလာခြင်းဖြစ်ကြောင်း ဦးလှဌေးဝင်းက ပြောကြားသည်။

“အကြောင်းပြချက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် အခုတင်ပြတဲ့ ဒီလုပ်ရပ်အပေါ်မှာ ရှုတ်ချတယ်ဆိုတဲ့အဆိုဟာ ဒါမလိုအပ်ဘူးဆိုတဲ့ သဘောနဲ့ပေါ့” ဟု ဦးလှဌေးဝင်းက ဆိုသည်။

ထိုသို့ အရေးကြီးအဆိုတင်သွင်းမှုအပေါ် တင်သွင်းခွင့်မရခြင်းကို လက်မခံနိုင်ကြောင်းနှင့် ယခုဖြစ်စဉ်များသည် နိုင်ငံတော်အတွက် အန္တရာယ်ရှိလာပြီဟု ယူဆသည့်အတွက် တင်သွင်းသင့်သည်ဟု ယူဆသဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၄ ရက်တွင် ရသေ့တောင်မဲဆန္ဒနယ်မှ တင်သွင်းသည့် အဆိုရှုံးနိမ့်ခဲ့ပြီးနောက် အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အမြင်မှန်စေလိုကြောင်း၊ အမှန်မြင်နိုင်မှ အမြင်မှန်နိုင်မည်ဖြစ်ကာ အမြင်မှန်မှ အပြောအဆို၊ အလုပ်အကိုင် မှန်ကန်လာမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်တွင်း လွှတ်တော်ပြင်ပတွင် ရနိုင်သည့်နည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးလှဌေးဝင်းက ပြောကြားသည်။

အလားတူ သြဂုတ် ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)ပါ အချက်များနှင့်အညီ အရေးပေါ်အခြေအနေ ကြေညာဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခွင့်မရခဲ့ကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်ရပ်များနှင့် ပတ်သက်၍ အဆိုပါဒေသများကို အရေးပေါ်အခြေအနေ ကြေညာ၍ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းတို့ကပြောကြားသည်။

Most Read

Most Recent