<

မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်ရယူထားပြီး ကျောက်ထုတ်လုပ်ခြင်းမရှိသည့် လုပ်ကွက်များနှင့် သက်တမ်းတိုးလုပ်ဆောင်ခြင်းမရှိသော လိုင်စင်များ ပိတ်သိမ်းသွားမည်ဟုဆို

ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်မိုင်းလုပ်ကွက်များကို တွေ့ရစဉ်

မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်ရယူထားပြီး ကျောက်ထုတ်လုပ်ခြင်းမရှိသည့် လုပ်ကွက်များနှင့် သက်တမ်းတိုး လုပ်ဆောင်ခြင်းမရှိသော လိုင်စင်များအား ပိတ်သိမ်းသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။

“လက်ရှိ မွန်ပြည်နယ်အတွင်းမှာ ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင် ၁၀၁ ဦး ရှိပါတယ်။ ကျိုက်ထိုမြို့နယ်အတွင်းမှာ ကျောက်ထုတ်လုပ်ငန်းရှင် ၅၁ ဦးရှိတဲ့ အထဲမှာ လုပ်ငန်းလိုင်စင်ယူပြီး ကျောက်ထုတ်လုပ်ငန်းမလုပ်တဲ့သူ ၂၁ ဦး ရှိပါတယ်။ နောက် ကျိုက်မရောမြို့နယ်အတွင်းမှာ လုပ်ငန်းမလုပ်တဲ့ လုပ်ငန်းလုပ်ကွက် ခြောက်ခုရှိပါတယ်။ စုစုပေါင်းလုပ်ငန်း မလုပ်တဲ့သူ ၂၇ ဦး ရှိတယ်။ ကျိုက်မရောမြို့နယ်ထဲကကျောက် လုပ်ကွက်တစ်ခုကို ပိတ်သိမ်းဖို့ လာတင်ပြထားတယ်။ ကျန်တဲ့ လုပ်ကွက်တွေတော့ လာရောက် တင်ပြထားခြင်း မရှိသေးဘူး။ လုပ်ငန်း လိုင်စင်သက်တမ်းတိုးဖို့က ဇူလိုင်လနောက်ဆုံးဖြစ်ပေမယ့် သက်တမ်းတိုးခွင့် ဆက်ပေးထားပါတယ်။ အဲဒီတော့ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသူတွေရဲ့ ကျောက်မိုင်းလုပ်ကွက်တွေ သက်တမ်းတိုးခြင်းမရှိတာနဲ့ ကျောက်ထုတ်လုပ်ငန်း မလုပ်ကိုင်တဲ့သူတွေကို လုပ်ပိုင်ခွင့်မပေးတော့ပါဘူး။ ကျောက်ထုတ်လုပ်ငန်းလုပ်ကို ခွင့်ရထားတဲ့သူတွေက ကျောက်ထုတ်လုပ်ခြင်း မရှိဘဲ သက်တမ်းတိုးပဲ လုပ်ဆောင်နေကြရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခွန်ရတယ်ဆိုပေမယ့် ပြည်နယ်နဲ့ အခွန်ဦးစီးဌာနတွေအတွက် အခွန်မရတဲ့အတွက် ပြည်နယ်အတွက်လည်း နစ်နာတယ်။ နိုင်ငံတော်အတွက်လည်း နစ်နာပါတယ်။ ဒါကြောင့် ကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင် ရယူထားပြီးတော့ လုပ်ငန်းမလုပ်ကိုင်သူတွေကို စိစစ်ပြီး လုပ်ငန်းပိတ်သိမ်းသွားပါမယ်” ဟု ဦးစိုးမြင့်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မူလသတ်မှတ်ထားတဲ့ ကျောက်ကျင်းအရေအတွက်ထက်ပိုထုတ်တဲ့ လုပ်ငန်းရှင်တွေ ရှိနေပါတယ်။ ဥပမာ တစ်ဧကကို ကျင်းပေါင်း ၁၀၀၀ လို့ သတ်မှတ်ထားပေမယ့် ကျင်းပေါင်း ၁၅၀၀ ကျော် ထုတ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အဲဒါတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကနေ အချက် ၁၁ ချက်ပါဝင်တဲ့ အစီရင်ခံစာနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံကို တင်ပြရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဌာန အနေနဲ့က လုပ်ငန်းလိုင်စင်လျှောက်ထားစဉ် ကတည်းက ထုတ်လုပ်မယ့် ကျောက်ကျင်း အရေအတွက်ပေါ် မူတည်ပြီးတော့ ကျောက်တစ်ကျင်းကို ကျပ် ၂၅၀၀ နှုန်းနဲ့ အခွန်ကောက်ခံထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် ပြဿနာမရှိပေမယ့် ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရယူထားပြီး ကျောက်ထုတ်လုပ်ခြင်း မရှိတဲ့အတွက်ကို အခွန်ဦးစီးဌာနကို ပေးသွင်းရမယ့် ကုန်သွယ်ခွန်တို့၊ ၀င်ငွေခွန်တို့စသဖြင့် အခွန်တွေမရတာတွေ ရှိနေပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ကျောက်ထုတ်လုပ်ငန်း လိုင်စင်လျှောက်ထားသူများ အနေဖြင့် ၀င်ငွေခွန်၊ ကုန်သွယ်ခွန် စသည်ဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ရမှသာလျှင် လိုင်စင်ထုတ်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ ဇွန် ၂၈ ရက်က ညွှန်ကြားချက် ထုတ်ထားကြောင်း ပြည်နယ်အခွန်ဦးစီးဌာနရုံးထံမှ သိရှိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်တစ်ပြည်နယ်လုံးမှ ကျောက်ကျင်းပေါင်း ၃၄၀၀၀၀ ကျော် ထုတ်လုပ်ခွင့်ပေးခဲ့ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ခံသည့် အခွန်လေးမျိုးအနက် ကျောက်ထုတ်လုပ်ငန်းများ ပါဝင်သည့် ဓာတ်သတ္တုခွန်မှ ကျပ်သန်းပေါင်း ၁၀၈၆ ဒသမ ၃၈၀ ရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

September 4, 2018














Copy Protected by Chetan's WP-Copyprotect.