တအာင်းမျိုးနွယ်စုကို လူသားစားသူများ ကျတ် စသဖြင့် ပြောဆိုကာ Facebook တွင် Live လွှင့်ခဲ့သည့် အကောင့်ပိုင်ရှင်အား လိုအပ်သလို အရေးယူနိုင်ရန် သာသနာရေးက ဌာနနှစ်ခုသို့ စာပို့ထား

တအာင်းမျိုးနွယ်စုကို လူသားစားသူများ ကျတ် စသဖြင့် ပြောဆိုကာ Facebook တွင် Live လွှင့်ခဲ့သည့် အကောင့်ပိုင်ရှင်အား လိုအပ်သလို အရေးယူနိုင်ရန် သာသနာရေးက ဌာနနှစ်ခုသို့ စာပို့ထား
Published 4 September 2018

ရှမ်းပြည်နယ် တောင်ပိုင်း မက်မွန်လောင်းကျေးရွာမှ တအာင်းမျိုးနွယ်စုကို လူသားစားသူများ ကျတ် စသဖြင့် ပြောဆို၍ Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လွှင့်ခဲ့သူ အကောင့်ပိုင်ရှင်အား လိုအပ်သလို အရေးယူနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဌာန နှစ်ခုသို့ စာပေးပို့ထားကြောင်း သိရသည်။

ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန စသည့် ဌာနနှစ်ခုကို စာပေးပို့ထားခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက စက်တင်ဘာ ၃ ရက်တွင် ပြောကြားသည်။

“ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရယ်နဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနကို စာပို့ထားပါတယ်။ ကျွန်တော်တို့ဆီကို မန်တုန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကျွန်တော်တို့ ဝန်ကြီးဌာနကို အကြောင်းကြားတဲ့အတွက် လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းပေးပို့ပါသည်လို့ ပို့ထားတယ်”ဟု သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဖြေကြားသည်။

တအာင်းမျိုးနွယ်စုကို လူသားစားသူများဟု ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်မှာ ကားတစ်စီး၏ အပေါ်မှနေ၍ ကားမောင်းနေစဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။ ငါးမိနစ်ဝန်းကျင် ကြာမြင့်သည့် ယင်းဗီဒီယိုဖိုင်တွင် အမျိုးသမီးတစ်ဦး၏ အသံဖြင့် ဒီရွာက ကျတ်တွေလား မသိဘူး ကြေက်စရာကြီးတော့်၊ ဒီ Live ကို ကြည့်တဲ့သူတွေ မြင်ရခဲတယ်နော်။ သေချာ ကြည့်ထား ညမှတွေ့ရတာ။ ညတောင်မှ လပြည့်နော်။ လပြည့် လကွယ်နေ့မှ တွေ့ရတာ။ သရဲလိုလို ကျတ်လိုလိုတွေ အဲလိုတွေ ထွက်လာတာ။ တစ်နေကုန်ဆို ဒီရွာကြီးက လူမရှိဘူးနော်။ ပြမယ် ကြည့်လိုက်။ သေချာကြည့်ထား တွေ့လိမ့်မယ် တအုံကြီး။ ကြောက်စရာကြီးတွေ။ ညမှတွေ့ရတာ။ နေ့ဆို လူတစ်ယောက်မှ မရှိဘူး။ အဲဒီလိုမျိုးကို ကျုပ်တို့ ဘဝမှာ မမြင်ဖူးဘူး။ အဲဒီလိုလူမျိုးတွေ။ တွေ့လား ကြောက်စရာကြီး။ အဲဒါ ထူးဆန်းဖွယ် မြင်ရတာ မှတ်လိုက်။ ညမှထွက်ကြ၊ လည်ကြတာ။ ထူးဆန်းတယ်တော့်။ နေ့ဆို ဒီနေရာမှာ ဘာမှမရှိဘူး။ ခွေးတောင် မရှိဘူး။ ကြောင်တောင် မရှိဘူး။လူမပြောနဲ့၊ ကြောက်စရာကြီး တွေ့လား၊ ကျုပ်က ရင်တောင်တုန်တယ်။ သူတို့ ရယ်လိုက်လို့ရှိရင် ပိုတောင်ဆိုးသေး သူတို့သွားတွေက မည်းမည်းကြီးတွေ၊ ဟိုတုန်းကဆိုရင် သူတို့က လူသားစားတဲ့သူ တွေလေ ဟိုတုန်းကဆိုတာ ဟိုခေတ်တုန်းက မဟုတ်ဘူးပေါ့နော်။ ဦးသန်းရွှေခေတ်လောက်ကကို သူတို့က လူသားစားတာ .......” ဟု စသည့် စကားများလည်း ပါဝင်ကာ ပြောကြားထားခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ တအာင်း (ပလောင်) လူမျိုးများ၏ ရိုးရာဓလေ့အရ ဝါတွင်းကာလ လပြည့်လကွယ်ညများတွင် ရိုးရာဝတ်စုံ အပြည့်ဝတ်ကာ လူပျိုအပျိုလှည့်ခြင်းကို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြောဆို Live လွှင့်ခဲ့သူ Yuri Miko အကောင့်ပိုင်ရှင်အား တည်ဆဲဥပဒေများဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် မန်တုန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးကသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများ အပါအဝင် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားကြောင်း မဇ္ဇျိမ သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားသည်။

အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ တအာင်းလူမျိုးများအား လူသားစားမျိုးနွယ်စုဟု ဂုဏ်သိက္ခာကျဆင်းအောင် Yuri Miko အကောင့်ပိုင်ရှင်အား ပြန်လည်ဖြေရှင်း တောင်းပန်ခြင်း မရှိပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တအာင်း လူမှုအဖွဲ့အစည်းများအနေဖြင့် ထိုသို့ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အပြောအဆိုများအပေါ် ရှုတ်ချကြောင်း၊ အဆိုပါ ဗီဒီယိုဖိုင်အား သတင်းခေါင်းကြီးများ ထုတ်ကာ လူမှုကွန်ရက်တွင် ထပ်မံဖြန့်ဝေမှုများသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မလေ့လာဘဲ လက်လွတ်စပယ် ဖြန့်ေ၀ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်လာနိုင်သည့်အတွက် တအာင်းအဖွဲ့အစည်းများ အနေဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ထားပြီး ထိုဖြစ်စဉ်မျိုး အခြားတိုင်းရင်းသား လူမျိုးစုများအပေါ် ထပ်မံ မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ အလျင်အမြန် ကြီးကြပ်ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

ယင်းဗီဒီယိုဖိုင်တွင် မြင်တွေ့ကြသည့် လူမျိုးစုသည် မြန်မာနိုင်ငံအတွင်းရှိ တအာင်း မျိုးနွယ်စုဝင် ရူစိင်းအနွယ်များဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ခိုလမ်မြို့နယ်၊ မတ်မွန်လောင်းကျေးရွာ၊ ဆိုင်မွန်ကျေးရွာနှင့် ကုန်ပေါင်းကျေးရွာတို့တွင် နေထိုင်ကြပြီး ၎င်းကျေးရွာတွင် ဘိုးဘွားစဉ်ဆက်ကတည်းက ကျင့်သုံးလာသည့် ဆံပင်ရှည်ထားကြပြီး ကျား၊မ မရွေး အရွယ်ရောက်သူတိုင်း အရှေ့သွားကို ရွှေကွပ်ထားကြသည့်အပြင် တအာင်းရိုးရာ ဝတ်စုံတစ်ခုတည်းကိုသာ ဝတ်ဆင်ကြသည့်အတွက် တခြားသော တအာင်းကျေးရွာများနှင့် ကွဲပြားနေခြင်းဖြစ်ကြောင်း သိရသည်။

Most Recent