<

မြန်မာ့ရေထွက်ပို့ကုန်များ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့် ရပ်ဆိုင်းခံထားရမှုကို ဒူဘိုင်းတွင် ပြုလုပ်မည့် ပင်လယ်ရေထွက်ကုန်ပြပွဲ၌ ဖြေရှင်းနိုင်ရန် စီစဉ်နေ

မြန်မာ့ရေထွက်ကုန်များ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့် ရပ်ဆိုင်းခံထားရမှုကို ဒူဘိုင်းတွင် အောက်တိုဘာ ၃၀ ရက်မှစတင်ကာ သုံးရက်တိုင် ပြုလုပ်မည့် ပင်လယ်ရေထွက်ကုန်ပြပွဲတွင် ဖြေရှင်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာ တိုးနန္ဒာတင်က ပြောကြားသည်။

“ဆော်ဒီသံရုံးကရေထွက်ကုန် ယာယီတားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ သူ့တို့ဝက်ဘ်ဆိုက်ကို ၀င်ကြည့်ပြီး မေးထားတဲ့ မေးခွန်းအကုန်လုံးဖြေ ပါဆိုပြီး ငါးဦးစီးဌာနကို ဧပြီလက ပေးလိုက်တယ်။ ဒါတွေက ကိုယ်လုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ငါးဦးစီးဌာနက လုပ်ရမှာဆိုတော့ သူတို့က မေးခွန်းအားလုံးဖြေပြီး ပြန်ပြီးပို့တာက သြဂုတ်လလယ်လောက်ဆိုတော့ ချက်ချင်းတော့ အဖြေပြန်မရနိုင်ဘူး။ သြဂုတ်လလယ်လောက်မှ အဖြေပို့တာဆိုတော့ ကြာဦးမယ်။ တကယ်လို့သာ ဒူဘိုင်းကိုသွားမယ့် အချိန်ထိ အကြောင်းမပြန်သေးဘူးဆိုရင် ဒူဘိုင်းကိုသွားရင် ပိတ်သိမ်းထားတဲ့ ကိစ္စကိုဖြေရှင်းဖို့ကိုတော့ လုပ်ခဲ့မယ်။ သွားရင်းနဲ့ကိုယ်နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စကို ပြဿနာကို ဖြေရှင်းဖို့စီစဉ်နေတယ်။ ကိုယ်တွေချည်းပဲ လုပ်မရဘူး။ အစိုးရအချင်းချင်း လုပ်ရမှာဆိုတော့ လုပ်ငန်းရှင်တွေက လိုက်သွားတာပဲရှိမယ်။ ပြောရမှာက အစိုးရအချင်းချင်းပြောရမှာ။ ပြောရမှာက သူတို့ဘက်ကမေးတဲ့မေးခွန်းဟာ ပုဂ္ဂလိကဘက်က ဖြေရမယ့်ဟာဆိုရင် အစိုးရရော၊ ပုဂ္ဂလိကအပိုင်းကပါ စီစဉ်မှာပါ” ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။

မြန်မာ့ငါး၊ ပုဇွန်များ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့် ရပ်ဆိုင်းခြင်းသည် ကမ္ဘာ့ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ OIE ၏ ကြေညာချက်အရ မြန်မာနိုင်ငံမှ ရေသတ္တ၀ါများတွင် ရောဂါမကင်းစင်သည့်အတွက် ဆော်ဒီနိုင်ငံက ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က ယာယီရပ်ဆိုင်းခဲ့ဖြစ်ပြီး ငါးလကြာမြင့်သည့်အထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

OIE ကြေညာချက်အရ While Tale Disease သည် ပုစွန်တွင်ဖြစ်တတ်ပြီး ငါးတွင် ကူးစက်တက်ခြင်း မရှိကြောင်း သိရသည်။

ယခင်က မြန်မာ့မွေးမြူရေးငါး၏ နိုင်ငံခြားတင်ပို့မူ ရာခိုင်နှုန်း ၃၀ နှင့် ငါးမြစ်ချင်းတင်ပို့မှု ၄၁ ရာခိုင်နှုန်းသည် ဆော်ဒီနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆော်ဒီသို့ ရေထွက်ကုန်တင်ပို့ ခွင့်ရပ်ဆိုင်းထားခြင်းကြောင့် ငါးမြစ်ချင်းဈေးကွက် ပြိုဆင်းနေသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံသံ အမတ်များတွေ့ဆုံမှုတွင် ဆော်ဒီမှကုန်သွယ်မှု ပိတ်ထားခြင်းသည် မည့်သည်နိုင်ငံမှ ကုန်သွယ်မှု ခွင့်ပြုခြင်းမရှိခြင်းကြောင့် မြန်မာနိုင်ငံအနေနှင့် ကုန်သွယ်မှု ပြန်လည်ခွင့်ပြုရန် ကြာမည့် အခြေအနေတွင်ရှိကြောင်း မှတ်ချက်ပြုထားသည်။ ဆော်ဒီနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်း တင်သွင်းခွင့်ပိတ်မှုတွင် မြန်မာနိုင်ငံသာမက ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကိုပါ တင်သွင်းခွင့် ပိတ်ထားသည်ဟု သိရသည်။

September 3, 2018














Copy Protected by Chetan's WP-Copyprotect.