မောင်တောခရိုင်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားခွဲရုံများ တည်ဆောက်နေပြီး ဘူးသီးတောင်ဓာတ်အားခွဲရုံ တည်ဆောက်မှု ရာခိုင်နှုန်း ၈၀ ပြီးစီး

မောင်တောခရိုင်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားခွဲရုံများ တည်ဆောက်နေပြီး ဘူးသီးတောင်ဓာတ်အားခွဲရုံ တည်ဆောက်မှု ရာခိုင်နှုန်း ၈၀ ပြီးစီး
Published 4 September 2018

တည်ဆောက်လျက်ရှိသည့် ဘူးသီးတောင် ဓာတ်အားခွဲရုံကို တွေ့ရစဉ်

မောင်တောခရိုင်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားခွဲရုံများ တည်ဆောက်နေပြီး ဘူးသီးတောင်ဓာတ်အားခွဲရုံ တည်ဆောက်မှု ရာခိုင်နှုန်း ၈၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က “ဘူးသီးတောင်မှာ စီမံကိန်းကလုပ်တာဆိုတော့ အခုတော့ တိုင်ဆင်တာတွေကတော့ တော်တော်များများ ပြီးသွားပြီ။ တိုင်ကတော့ ၁၀ တိုင်လောက်ပဲ ကျန်တော့တယ်လို့ ပြောတယ်။ ဓာတ်အားခွဲရုံကလည်း ရာခိုင်နှုန်း ၈၀ ပြီးနေပြီ။ စီမံကိန်းက ပြောတာကတော့ ၁၀ လပိုင်းလောက် အပြီးလုပ်မယ်လို့ပြောတယ်။ မောင်တောကတော့ ၁၂ လပိုင်း Target ထားပါတယ်” ဟု ပြောကြားသည်။

မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့အား အောက်တိုဘာလတွင်လည်းကောင်း၊ မောင်တောမြို့အား ဒီဇင်ဘာလတွင်လည်းကောင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် မြို့နှင့် ၁၀ မိုင် ပတ်ဝန်းကျင်မှ ၁၅ ရွာ၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နှင့် ၁၀ မိုင်ပတ်ဝန်းကျင် ၁၄ ရွာကို လျှပ်စစ်မီး ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး လျှပ်စစ်မီး ရရှိမည်ဖြစ်ပြီး ဓာတ်အားလိုင်းများလည်း ဆွဲပြီးနေပြီဖြစ်ကြောင်း သိရသည်။

“မောင်တောမှာက မြို့နဲ့ ၁၀ မိုင်ပတ်ဝန်းကျင်က ကျေးရွာ ၁၅ ရွာကို မီးပေးပါမယ်။ ဘူးသီးတောင်မှာကျတော့ မြို့နယ် ၁၀ မိုင် ပတ်ဝန်းကျင်က ၁၄ ရွာရပါမယ်။ ဓာတ်အားလိုင်းတွေလည်း ဆွဲပြီးသားဖြစ်နေပါပြီ” ဟု မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ပြောကြားသည်။

ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်မှုတွင် ရာခိုင်နှုန်း ၈၀ ပြီးစီးနေပြီဖြစ်ပြီး မောင်တောဓာတ်အားခွဲရုံကို တည်ဆောက်လျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဘူးသီးတောင်မြို့တွင် ည ၆ နာရီမှ နံနက် ၄ နာရီခွဲထိလည်းကောင်း၊ မောင်တောမြို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

“မီးတိုင်တွေနဲ့ မီးကြိုးတွေတော့ ရွာထိရောက်နေပြီ။ ၁၀ လပိုင်းဆို မီးရမယ်လို့ ကြားပါတယ်။ ကျွန်တော်တို့ရွာတွေဟာ အရင်ကရေလမ်းတစ်ခုကိုပဲ အားကိုးပြီး မြို့ကိုဆက်သွယ် သွားလာခဲ့ရတယ်။ ကုန်းလမ်းနဲ့က လမ်းတော်တော်ကိုဆိုးတယ်။ တောင်ကျော်သွားရတယ်။ အခု ဘူးသီးတောင်-ရသေ့တောင်လမ်းလည်း ဖောက်လိုက်ပြီဆိုတော့ လမ်းဆက်သွယ်ရေးက အရင်လို မခက်ခဲတော့ဘူး။ လမ်းတော့ မိုးရာသီမှာ ဆိုးသေးတယ်။ ဒါပေမဲ့ အရင်ထက်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားတယ်။ မီးရမယ်ဆိုတော့ ပိုပြီးဝမ်းသာတယ်” ဟု ဘူးသီးတောင်မြို့နယ်စိုင်း ဒင်ချောင်းဘေးနားမှ ကြာညိုပြင်ကျေးရွာသားတစ်ဦးက ပြောကြားသည်။

Most Read

Most Recent