အကြမ်းဖက်တိုက်ခိုက်မှုများသည် ဘင်္ဂါလီလူမျိုးများအနေဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မြေအား ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းရန် ရည်ရွယ်သည်ကို အကြမ်းဖျင်းဖော်ထုတ်ရရှိပြီး အုပ်ချုပ်ရေးစနစ် ပျက်ယွင်းအောင် ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း သံတမန်များအား ပြည်ထဲရေးဝန်ကြီး ရှင်းလင်း

အကြမ်းဖက်တိုက်ခိုက်မှုများသည် ဘင်္ဂါလီလူမျိုးများအနေဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မြေအား ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းရန် ရည်ရွယ်သည်ကို အကြမ်းဖျင်းဖော်ထုတ်ရရှိပြီး အုပ်ချုပ်ရေးစနစ် ပျက်ယွင်းအောင် ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း သံတမန်များအား ပြည်ထဲရေးဝန်ကြီး ရှင်းလင်း
Published 30 August 2017

သြဂုတ် ၂၉ ရက်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ သံတမန်များအား ရှင်းလင်းစဉ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ဘင်္ဂါလီလူမျိုးများအနေဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မြေအား ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းရန် ရည်ရွယ်သည်ကို အကြမ်းဖျင်းဖော်ထုတ်ရရှိပြီး အုပ်ချုပ်ရေးစနစ် ပျက်ယွင်းအောင် ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း သြဂုတ် ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးအသီးသီးမှ သံတမန်များနှင့် တွေ့ဆုံရာ၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှင်လင်းပြောကြားသည်။

ရန်ကုန်မြို့ရှိ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် ၂၉ ရက်က ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
ဦးသောင်းထွန်း ဦးဆောင်ကာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးအသီးသီးနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ သံတမန်များအား တွေ့ဆုံရှင်းလင်းရာတွင် ပြည်ထဲရေးဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးနဲ့ စုစည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။ နိုင်ငံတော် အကြီးအကဲအဆက်ဆက်၊ တပ်မတော်အကြီးအကဲ အဆက်ဆက်ကလည်း ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး၊ ဘင်္ဂါလီလူမျိုးမရှိဘူးဆိုတဲ့ ကျွန်တော်တို့ တိုင်းရင်းသားထဲမှာမပါဘူးဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကျွန်တော့်အနေနဲ့မရှိဘူးဆိုတာ ထပ်ပြောလိုပါတယ်။ အခုဖြစ်တဲ့ဖြစ်စဉ်ဟာ ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေအဖြစ် သိမ်းလိုက်ဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်တယ်ဆိုတာ အကြမ်းဖျင်းဖော်ထုတ်လို့ရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ထို့ပြင် လက်ရှိမြေပြင်အခြေအနေမှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးစနစ်သည် အနည်းငယ် ပျက်ပြားနေပြီး မြို့ပေါ်များတွင် အစိုးရအနေဖြင့် ထိန်းချုပ်ထားနိုင်ကြောင်း ၎င်းကပြောကြားသည်။

“ဒါကြောင့်မို့ နယ်တွေမှာရှိတဲ့ အစိုးရလုပ်ငန်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ဒေသတွင်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါ ကျေးရွာတွေမှာ တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် မြို့တွေပေါ်မှာ ခေါ်ယူပြီးဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးစနစ် ပျက်ယွင်းအောင် ဦးတည်ကြိုးစားပြီးတော့ ဆောင်ရွက်တာတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်တဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့တစ်ခုအနေနဲ့ ထိန်းသိမ်းမနိုင်တဲ့အတွက် တပ်မတော်အကူအညီရယူပြီး လုံခြုံရေးအစီအမံ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ် တပ်မတော်ရယ်ပေါင်းပြီးတော့ လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အခါတွေမှာလည်း တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိနေပါတယ်။ တတ်နိုင်သမျှ ကျွန်တော်တို့က တုတ်၊ ဓား၊ လက်နက်တွေနဲ့ ကျွန်တော်တို့တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်တဲ့ တိုက်ခိုက်မှုမျိုးကိုသာ မဖြစ်မနေ ပစ်ခတ်တားဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းပေးလိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ထို့အတူ အကြမ်းဖက် အဖွဲ့အစည်းထဲတွင်လည်း NGO၊ INGO များမှ လူအချို့ပါဝင်နေသည်ဟု သတင်းပေးထားချက်များအရ တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။

“တချို့ NGO၊ INGO တွေဟာ အဲဒီဘက်ဒေသမှာ ဘူးသီးတောင်၊ မောင်တောနယ်မြေမှာ ထူထောင်ရေးလုပ်ငန်းများအတွက် တင်သွင်းတဲ့ ပစ္စည်းကိရိယာတွေ တွေ့ရပါတယ်။ အဲဒါတွေကတော့ သံပိုက်လုံးတွေ၊ အမိုးနီးယား ဓာတ်မြေသြဇာတွေ တင်သွင်းလာခဲ့တာ တွေ့ရပါတယ်။ အဲဒီပစ္စည်းတွေဟာ တချို့အကြမ်းဖက်သမားများ လက်ထဲရောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို ပြန်လည်ပြီးတော့ တိုက်ခိုက်လာနိုင်တဲ့ လက်လုပ်မိုင်းတွေ၊ လက်လုပ်ယမ်းတွေလုပ်ပြီးတော့မှ ကျွန်တော်တို့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်လာတယ်ဆိုတာကို ကျွန်တော်တို့ ဖော်ထုတ်လို့ရပါတယ်။ တချို့အကြမ်းဖက် အဖွဲ့အစည်းထဲမှာလည်း ဒီ NGO၊ INGO တွေထဲက လူတချို့ပါဝင်တယ်ဆိုတာကိုလည်း ဖော်ထုတ်။ တချို့သတင်းပေးထားတာကိုလည်း တွေ့ရှိရပါတယ်” ဟု ၎င်းကပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းက ၂၀၁၆ ခုနှစ်အောက်တိုဘာ ၉ ရက်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကျီးကန်းပြင်ဌာနချုပ် အပါအဝင် ရဲကင်းအချို့အား အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်ဘင်္ဂါလီအနေဖြင့် ၎င်းတို့၏ မူလရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စည်းရုံးခြင်း၊ စုဖွဲ့ခြင်းလေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို ရပ်တန့်သွားခြင်းမရှိဘဲ တိုးမြှင့်လုပ်ဆောင်လာသည့် အခြေအနေများ၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲဝင်မျာအား တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တိုင်းရင်းသားများနှင့် ၎င်းတို့၏ သြဇာမခံသောဘင်္ဂါလီများကို ခြိမ်းခြောက်သတ်ဖြတ်မှုများ ပြုလုပ်လာသည့် အခြေအနေများ၊ သြဂုတ် ၂၅ ရက်တွင် ၎င်းတို့ရည်မှန်းချက်အတိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်းစခန်း အများအပြားကို တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားအများအပြား အသုံးပြု၍ အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်သည့် အခြေအနေများအား သံတမန်များအား အသေးစိတ် ရှင်းလင်းပြောကြားသည်။

သြဂုတ် ၂၅ ရက်မှ ၂၈ ရက်ထိ အကြမ်းဖက်သမားများက စခန်းများအားတိုက်ခိုက်မှု ၆၆ ကြိမ်၊ နယ်မြေရှင်းလင်းစဉ် ထိတွေ့မှု ၁၄ ကြိမ်၊ ဗုံးကွဲမှု ၃၆ ကြိမ်၊ မီးလောင်မှုစခန်း ခြောက်ခုနှင့် ရွာကိုးရွာ၊ လက်နက်ရရှိမှု လေးလက်၊ လက်လုပ်မိုင်းတွေ့ရှိမှု ခုနစ်လုံးတို့ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိကာ လက်နက် ၆၅ လက်ပါဆုံးသွားပြီး လက်ရှိတွင် ၂၇ လက်သာ ပြန်လည်ရရှိသေးကြောင်းလည်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်ဖြစ်စဉ်နောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်ထိ မောင်တောဒေသအတွင်း နယ်မြေအလိုက် အသတ်ခံရမှုများမှာ အုပ်ချုပ်ရေးအဖွဲ့မှ ၂၀၊ တိုင်းရင်းသား ၁၀ ဦး၊ လူမျိုးခြား ၃၃ ဦး စုစုပေါင်း ၆၃ ဦးရှိပြီး လူပျောက်မှုမှာ အုပ်ချုပ်ရေးအဖွဲ့မှ သုံးဦး၊ တိုင်းရင်းသား ၁၀ ဦး၊ လူမျိုးခြား ၂၄ ဦး စုစုပေါင်း ၃၇ ဦးဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းထွန်းက ဆိုသည်။

Most Read

Most Recent