ရေတက်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာရှိ နေအိမ် ၁၃ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေ

ရေတက်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာရှိ နေအိမ် ၁၃ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေ
Published 4 September 2018

မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသည့် အနောက်သီရိကျေးရွာအနီး မြစ်ကမ်းပါးကို တွေ့ရစဉ်

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုစက်တင်ဘာလ၏ ရေတက် ရေကျကာတွင် ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် နေအိမ် ၁၃ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၈ လုံး အရေးပေါ် ရွှေ့ပြောင်းထားရပြီး ယခုမြစ်ရေ အတက်အကျ မြန်ဆန်သည့်ကာလတွင် ကမ်းပြိုမှု ဆက်လက့်ဖြစ်ပေါ်နေသည့်အတွက် နေအိမ်များ ရေတိုက်စားခံရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေရင့်များသာမက ရေကျချိန်တွင် ပေါ်ထွန်းသည့် မြေနုများပါ ပြိုကျပျက်စီးနေပြီး ရွှေ့ပြောင်းရသည့် နေအိမ်များမှာလည်း မြေနေရာ ဝယ်ယူရေးအတွက် မြေဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“ကမ်းကတော့ ဆိုးဆိုးရွားရွား ပြိုနေတယ်။ ရေကလည်း တက်လိုက် ကျလိုက်နဲ့ ရေဆော့တဲ့ကာလဖြစ်နေတော့ ကမ်းပြိုတာ ရပ်မသွားဘူး။ လက်ရှိကတော့ ခုရက်ပိုင်းမှာ ၁၃ လုံး ရွှေ့ထားရတယ်။ ရွှေ့ထားရသူတွေကတော့ ဒီတိုင်းဖျက်ပုံထားရတာပေါ့။ ဆောက်စရာမြေ မရှိသေးဘူး။ လက်ရှိကတော့ ရွာထဲက အမျိုးအဆွေအိမ်မှာ ကပ်နေရတယ်။ မြေနေရာအတွက် တောင်းထားဆဲပဲ ရှိသေးတယ်” ဟု အနောက်သီရိကျေးရွာမှ ကိုသန်းလှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၆၉လုံးနှင့် ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ရပြီး ရွာဦးစေတီနှင့် စိုက်ပျိုးမြေ အများအပြားမှာ မြစ်အတွင်း ပြိုကျပျက်စီးခဲ့ရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြစ်ရေစီးကြောင်းအရ ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရက အနောက်သီရိကျေးရွာ ရွှေ့ပြောင်းရေးအတွက် မြေဧက ၃၀ ကျော်ဖြင့် ကျေးရွာသစ်တည်ရန် ချပေးထားပြီး လက်ရှိနေအိမ် ၆၉ လုံး ရွှေ့ပြောင်းထားကြောင်း သိရသည်။

“မြေက အရင် ၂၀၁၇ ခုနှစ်ကပြောင်းတဲ့ အိမ်တွေအတွက် အကွက်ရိုက်ပေးပြီးပြီ။ ဒီနှစ်ပြောင်းရတဲ့အိမ်တွေအတွက် အကွက်မရိုက် အတည်မပြုသေးလို့ ဘယ်သူမှမနေရဘူး။ ရေတိုက်စားလို့ ရွှေ့ထားတဲ့အိမ်တွေ အကုန်လုံးက ဖြစ်သလိုနေရတယ်။ တာဝန်ရှိသူတွေဆီကို အမြန်ဆုံး မြေနေရာချထားပေးဖို့ တောင်းဆိုထားတယ်။ ရေတက်ချိန်ဆိုတော့ ရွာမှာလည်း ရေဝင်ပြီး နေစရာမလွယ်ဘူး” ဟု အနောက်သီရိကျေးရွာမှ ကိုသန်းလှိုင်က ပြောကြားသည်။

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းရသူများအား ပခုက္ကူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ နေအိမ်တစ်လုံးလျှင် ရွှေ့ပြောင်းစရိတ် ကျပ်တစ်သိန်း၊ စားနပ်ရိက္ခာတစ်ပတ်စာနှင့် ကယ်ဆယ်ရေးပစ္စည်းကိုးမျိုးအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ စိုက်ပျိုးမြေအားလုံးနီးပါး ကုန်ဆုံးသွားသည့်အတွက် အများစုမှာ ကျပန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး ကျေးရွာမှာ မြို့ပြနှင့် အလှမ်းကွာဝေးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေခြင်း၊ မြစ်ရေစီးကြောင်းမှာ ကျေးရွာဆီသို့ ဦးတည် စီးဆင်းနေခြင်း၊ လူနေအိမ်များဆီသို့ မြစ်ရေတိုက်စားလာခြင်းနှင့် မြစ်အတွင်းရှိ မြေရင့်ကျွန်းကျေးရွာဖြစ်သည့်အတွက် ရွှေ့ပြောင်းရန် မြေနေရာ နည်းပါးခြင်းကြောင့် ကမ်းပြိုမှု ကြုံတွေ့ရသည့် နေအိမ်များအား ရေလွတ်ရာ ကုန်းတွင်းဘက်သို့ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ရေတက်ကာလတွင် ပခုက္ကူမြို့နယ်အတွင်းတွင် ကမ်းပြိုမှု ကြုံတွေ့ရသည့် ကျေးရွာနည်းပါးသော်လည်း ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာအချို့မှာ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent