<

ရဲရွာရေလှောင်တမံတွင် ရေပြည့်မှတ် ကျော်လွန်ကာ ရေလျှံပြီ ဖြစ်သောကြောင့် ဒုဋ္ဌ၀တီမြစ်အောက်ပိုင်း တစ်လျှောက်ရှိ ကျေးရွာများတွင် ရေဘေးအန္တရာယ် သတိပြုနေထိုင်ရန် အသိပေးချက်ထုတ်ပြန်

ဒုဋ္ဌ၀တီမြစ်ကြောင်းအတွင်း ဖွင့်လှစ်ထားသည့် ခုနစ်မိုင် အပန်းဖြေစခန်းအား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီးရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံ ရေလှောင်တမံမှာ သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ ရေပြည့်မှတ် ကျော်လွန်ရောက်ရှိခဲ့ပြီး ရေစလျှံနေပြီ ဖြစ်သောကြောင့် ဒုဋ္ဌ၀တီမြစ်အောက်ပိုင်း တစ်လျှောက်ရှိ ကျေးရွာများတွင် ရေဘေးအန္တရာယ် သတိပေး နှိုးဆော်မှုများကို အသိပေး ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွက် အသုံးပြုနေသော ရေလှောင်တမံ၏ အမြင့်ဆုံး ရေလှောင် အမှတ်မှာ ၁၈၅ မီတာ (၆၀၇ ပေ) ဖြစ်ပြီး ယင်းရေအမှတ်မှာ သြဂုတ်  ၂၈ ရက် နံနက် ၃ နာရီ အချိန်မှ စတင်ကာ ရေလျှံနေပြီဖြစ်ကာ ရေပြည့်အမှတ် ကျော်လွန်သည့် စီးဝင်ရေများသည် အချိန်နှင့်အမျှ လျှံကျပြီး ဒုဋ္ဌ၀တီမြစ်အတွင်း စီးဝင်ဖြစ်သောကြောင့် ရဲရွာရေလှောင်တမံ အောက်ဘက်ရှိ မြစ်ကမ်းနံဘေး ကျေးရွာများနှင့် ဒုဋ္ဌ၀တီမြစ်ကြောင်းအတွင်း အပန်းဖြေစခန်း ဖွင့်လှစ်ထားပြီ လာရောက် ရေဆော့ကစားသူ အများအပြားရှိသည့် ခြောက်မိုင်အပန်းဖြေစခန်း၊ ခုနစ်မိုင် အပန်းဖြေစခန်းတို့တွင် ရေဘေးအန္တရာယ် မကျရောက်စေရေး သတိပြုနေထိုင်ကြရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒုဋ္ဌ၀တီမြစ်ရေ အမှတ်မှာ မြစ်ငယ်မြို့တွင် စိုးရိမ်ရေအမှတ် ၈၇၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာ ချက်အရ ၈၂၃ စင်တီမီတာသို့ ရောက်ရှိကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်တွင် တည်ရှိနေသေးကြောင်းနှင့် အဆိုပါ မြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

“ဒုဋ္ဌ၀တီမြစ်ရေက မြစ်ငယ်မှာ နှစ်စဉ်နီးပါးလောက် စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိတာများတယ်။ အထက်ဘက်မှာရှိတဲ့ ရဲရွာရေအားလျှပ်စစ် စက်ရုံက ရေလှောင်တမံရဲ့ သက်ရောက်မှုကြောင့် ရေကြီးခါဆို စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိတာများတယ်။ အဓိက,ကတော့ မိုးနှောင်းကာလ တွေမှာပေါ့။ နောက်ပြီး ရေနည်းခါဆိုလည်း ရေလှောင်တမံရဲ့ သိုလှောင်မှုကြောင့် မြစ်ကြောင်းက ဟိုဘက်ဒီဘက် လမ်းလျှောက်ကူးလို့ရအောင် နည်းပါးသွားတယ်။ အခုသတိပြုနေထိုင်ဖို့ အသိပေးချက် ထုတ်ပြန်ထားလို့ မြစ်ထဲဆင်းပြီ ရေအခြေအနေကြည့်တာ ရေကသိသိသာသာ တက်မလာသေးပါဘူး။ ကျွန်တော်တို့ ကျေးရွာတွေမှာကတော့ ရဲရွာကြီး ပြီသွားကတည်းက သတိနဲ့ နေနေကြရတာပါ” ဟု အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရေပြည့်မှတ်ကျော်လွန်ကာ ဒုဋ္ဌ၀တီမြစ်အတွင်း စီးဝင်သည့် ရေများမှာ အောက်ဘက်ရှိ ဧရာဝတီမြစ်ရေ ထောက်ချိန်တွင် အထူးသတိပြုကြရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဧရာဝတီမြစ်ရေမှာ လက်ရှိအချိန်၌ မန္တလေး မြို့တွင် စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်နှင့် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်တွင် တည်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန အချက်အလက်များအရ သိရသည်။

 

August 29, 2017














Copy Protected by Chetan's WP-Copyprotect.